နေပြည်တော်၊ ဇန်နဝါရီ ၂၈

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၅ ရက်တွင် ရွာသာကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၄၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ဇန်နဝါရီ ၂၇ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၇,၇၁၅,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၈,၁၁၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဇန်နဝါရီ ၂၇ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇာသပြင် ပူးပေါင်း စစ်ဆေးရေးဂိတ်၌ မြဝတီမြို့မှ မော်လမြိုင်မြို့သို့သွားရောက်မည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂,၀၀၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့၊ ခြံကြီးစုရပ်၊ သီရိမင်္ဂလာလမ်း၊ အမှတ်(၇၈၉)ရှိ ဂိုဒေါင်(၁)လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၁၅၀,၀၀၀)ကို အကောက်ခွန် လုပ်ထုံး လုပ်နည်းများအရလည်းကောင်း၊ ပေါင်မြို့နယ်၊ ဇေတဝန်ရပ်ကွက်၊ သံလွင်တံတားစစ်ဆေးရေး ဂိတ်၌ လိုင်စင်မဲ့ Honda ADV-160 မော်တော် ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၁၅၀,၀၀၀)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လိုက်-ကလေးကားလမ်းအနီး၌ တရားမဝင် ကျွန်းသစ်(၀ ဒသမ ၉၂၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀,၀၀၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စစ်ကိုင်းမြို့နယ်၊ ရတနာပုံတံတားပူးပေါင်း စစ်ဆေးရေးဂိတ်နှင့် ကံတလူပူးပေါင်း စစ်ဆေးရေးဂိတ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် (၃)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀)ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၄၀၀,၀၀၀)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုတ်ပြင်းမြို့၊ အုန်းတောကမ်းကျေးရွာအုပ်စု ခိုကျွန်းအနီး၌ တရားမဝင်ခဲသတ္တု(အကြမ်း) (၅)ပိဿာ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၀,၀၀၀)နှင့် တရားမဝင် ခဲသတ္တုတူးဖော်ရာတွင် အသုံးပြုသည့် သစ်သားကိုယ်ထည်စက်လှေ (၅)စင်းနှင့် ဆက်စပ်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၉၇၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၂၂၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ဇန်နဝါရီ ၂၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၁၉၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၅၅,၈၂၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မာန်အောင်မြို့နယ်၊ ကျီးချောင်းဝဆိပ်ကမ်းအနီး၌ တရားဝင်သယ်ဆောင်ခွင့်အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် နွားမ(၆)ကောင် စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၇၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဇန်နဝါရီ ၂၅ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၅,၆၄၀,၈၂၄)ကို ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တရားမဝင် ကုန်သွယ်မှုများသည် အဓိကအဟန့်အတားဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာဆိုးကျိုး သက်ရောက်ခြင်းများကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက် ပိုမိုတားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်း ရရှိသည်။

(သတင်းစဉ်)