နေပြည်တော်၊ မတ် ၂၄

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၂၁ ရက်တွင် ချမ်းအေးသာစံမြို့နယ်၊ အောင်စိုးမိုးဆေးဆိုင်၌ တရားမဝင်ဆေးဝါး တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၉၁ ,၅၀၀) ကို အမျိုးသားဆေးဝါးဥပဒေအရလည်းကောင်း၊ အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် သာစည်မြို့နယ်တို့၌ တရားမဝင် ကျွန်းသစ် (၇ ဒသမ ၃၄၉) တန်၊ သစ်မာ (၆ ဒသမ ၄၃၃) တန်၊ အခြားသစ် (၂၂ ဒသမ ၂၄၃) တန် နှင့် ဆက်စပ်ပစ္စည်း နှစ်မျိုး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၂၉,၉၅၀,၃၂၀) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Mitsubishi Canter တစ်စီး၊ Toyota Dyna တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈,၀၀၀,၀၀၀) တို့ကို သစ်တောဥပဒေအရလည်းကောင်း၊ မတ် ၂၂ ရက်တွင် ပလိပ်မြို့၊ Denko ဆီဆိုင်အနီး၌ မော်တော်ယာဉ် နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉,၀၁၈,၆၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Man Tractor Head တစ်စီး၊ Nissan UD Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်နှစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၂,၀၀၀,၀၀၀)နှင့် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၃၅၆)မိုင်အနီး၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံး ပစ္စည်း (၁၁)မျိုး၊ စားသောက် ကုန်ပစ္စည်း ခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၂,၅၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀)တို့ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများ အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၅,၂၆၂,၉၂၀) ကို ဖမ်းဆီး အရေးယူ ဆောင်ရွက် လျက်ရှိသည်။

 မတ် ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် (၀ ဒသမ ၉၆၈) တန်၊ သစ်မာ (၁ ဒသမ ၁၀၈) တန်၊ အခြားသစ် (၁ ဒသမ ၂၆၇) တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၆,၈၇၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်
နှင့် အင်းစိန်မြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မြန်မာနိုင်ငံသားခရီးသည် ရှစ်ဦးနှင့် တရုတ် နိုင်ငံသားခရီးသည် တစ်ဦးတို့၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း (၂၁) မျိုး၊ လုပ်ငန်းသုံးပစ္စည်း ခြောက်မျိုး၊ စားသောက်ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁,၆၅၀,၀၀၀) ကိုလည်းကောင်း၊ မြန်မာ့ စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၇,၀၆၂,၈၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၈,၇၁၂,၈၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

မတ် ၂၃ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ်၊ ဘားအံစက်မှုဇုန်အနီး၌ မော်တော်ယာဉ်အစီး (၃၀)ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း (၄၉) မျိုး၊ လူသုံးကုန်ပစ္စည်း (၂၆) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၇,၆၃၂,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck ကိုးစီး၊ Mitsubishi Fuso Truck ငါးစီး၊ Hino Ranger Truck သုံးစီး၊ Nissan Diesel Truck သုံးစီး၊ Pyay Truck သုံးစီး၊ Chenglong Dump Truck တစ်စီး၊ Hino Truck တစ်စီး၊ Hyundai KMFLA Truck တစ်စီး၊ Dagon Tawwin Truck တစ်စီး၊ Hino Profia Truck တစ်စီး၊ Toyota Truck တစ်စီး၊ Yae Nan Chaung Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၈၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၂၇,၆၃၂,၀၀၀) ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်းစစ်‌ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Nissan X-Trail မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ် ရပ်ကွက်၊ ဗိုလ်ရွဲလမ်း၊ အင်ဂျင်ဝိုင်စက်ရုံဟောင်းအနီး၌ စုပုံထားသော အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၂၀၀,၀၀၀) ကိုလည်းကောင်း၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရေခဲစက်လမ်းရှိ ကမ်းနားဂို‌ဒေါင်၌ တရားဝင်စာရွက်စာတမ်း အ‌ထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၁,၂၀၀,၀၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

မတ် ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၉၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၉၅,၂၅၄,၅၉၄)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက် ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှ သိရသည်။

သတင်းစဉ်