နေပြည်တော်၊   နိုဝင်ဘာ   ၅

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

 နိုဝင်ဘာ ၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁၀)လုံး အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၉)မျိုး၊ စားသောက်ကုန်ပစ္စည်း(၂)မျိုး၊ လူသုံးကုန်ပစ္စည်း(၂)မျိုး၊ တိရစ္ဆာန်အစားအစာ(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၈,၅၉၆,၉၆၈) ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း (၃)မျိုး၊ လူသုံးကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၂၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး၊ Higer Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၀,၇၉၆,၉၆၈)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ နိုဝင်ဘာ ၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုတ်ပြင်းမြို့နယ် အုန်းတောကမ်း ကျေးရွာအုပ်စု ခိုကျွန်းအရှေ့ဘက်ကမ်းခြေ၌ တရားမဝင် ခဲသတ္တု အပါအဝင် ခဲသတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန် ဖိုးငွေကျပ် ၁၆,၄၅၀,၀၀၀)ကို မြန်မာ့သတ္တုတွင်း ဥပဒေအရလည်းကောင်း၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရွှေဝက်ဝံတံတားအနီး၌ ကမ်းထိုး ထားသော ရေယာဉ်(၁)စင်းပေါ်မှ တရား ဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် ထားသည့် သံခွံကမ်း ထိုးရေယာဉ်(၁)စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ မြိတ်မြို့ ကျောက်ဖြူတောင်ကျေးရွာအနီး၌ တရားမဝင် မီးသွေး (၃၁ ဒသမ ၀၄၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၈,၃၂၀)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၇၂,၆၉၈,၃၂၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိ သည်။

 

ထို့အပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ် ဆေးရေးစခန်း၌ သာမညမှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၅၀၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Shacman Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၆,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စဉ့်ကိုင်တိုးဂိတ်အကျော်၌ သာမညမှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၆,၉၇၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head (၁)စီးနှင့် နောက်တွဲ ယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၇၁,၄၇၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ သထုံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် JAC Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၃,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေပြည်သာမြို့နယ်၊ ပြည်ထောင်စုလမ်းမအနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားမဝင်ကျွန်းသစ် (၄ ဒသမ ၈၄၀)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၂၅၉,၂၀၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Canter Truck (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၂၅၉,၂၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

နိုဝင်ဘာ ၂ ရက်နှင့် ၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၂၂)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၅၄,၂၂၉,၄၈၈)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများကြောင့် နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင်များကို အောင်မြင်‌အောင် ဆောင်ရွက်ရာတွင် သိသာစွာ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ် စေနိုင်သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှရရှိသည့် အခွန်အခများ၊ တရားဝင် အလုပ်အကိုင် အခွင့်အလမ်းများ၊ ဂေဟစနစ်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအပေါ် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေ နိုင်ပါသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ  သတင်း ရရှိသည်။

(သတင်းစဉ်)