နေပြည်တော်၊ မေ ၇
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၄ ရက်တွင် ရှမ်းပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်ခရိုင် တရားမဝင်ကုန်စည် တားဆီးထိန်းချုပ်ရေးအဖွဲ့မှ မူဆယ်မြို့၊ ဆင်ဖြူစစ်ဆေးရေးဂိတ်အကျော် လမ်းဘေးတစ်နေရာတွင်စုပုံထားသော ကုန်ပစ္စည်းများအား မူဆယ်မြို့နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်၍ အသေးစိတ်စစ်ဆေးခဲ့ရာ တရားဝင်တင်သွင်းခွင့် အထောက်အထား စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Iphone 7 Plus Secondhand Mobile Phone လေးလုံးအပါအဝင် ကုန်ပစ္စည်း (၁၃) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၁၇၆,၈၄၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မေ ၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ် ရပ်ကွက်၊ ဆဆ-၁၀၊ ဦးပိုင်အမှတ်-၂၃(၄၄)၊ လမ်း ၅၀၊ ၁၀၆ အေ x ၁၀၆ ဘီ ကြားရှိ ဖိနပ်ဆိုင်နှင့်တွဲလျက်ရှိသော ဂိုထောင်အား ဝင်ရောက်စစ်ဆေးရာ အကောက်ခွန်မဲ့ တင်သွင်းခဲ့သော ဖိနပ်အိတ်များအား စစ်ဆေးတွေ့ရှိသဖြင့် အသေးစိတ်စစ်ဆေးနိုင်ရန် မန္တလေးမြို့နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်၍ စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Adult Slipper (၁၇၈၁၆၀)ရံ အပါအဝင် ဖိနပ်မျိုးစုံ ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၉,၇၅၃,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မေ ၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့က မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်တွင် တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Lactasoy Milk ဖာ (၄၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၈၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် YUTONG Bus မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈,၀၀၀,၀၀၀)ကို လည်းကောင်း၊ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်တွင် သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် GT Radial Savero Brand New ကားတာယာအလုံး (၆၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၄၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် NISSAN DIESEL Truck မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀ ၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃,၂၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထပ်မံ၍ မေ ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့များက သာယာဝတီခရိုင် နှင့် နတ္တလင်းခရိုင်များအတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင်ကျွန်းသစ် (၁၆ ဒသမ ၈၄၅) တန်၊ သစ်မာ (၀ ဒသမ ၈၇၈) တန်နှင့် အခြားသစ် (၃.၈၇၅) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၄၇၉,၉၉၆)ကို သစ်တော ဥပဒေအရလည်းကောင်း၊ ပဲခူးမြို့နယ်၊ နယ်မြေရဲစခန်း၊ အမှတ်(၃)မှ ဒုရဲအုပ် ဦးဆောင်သော ပူးပေါင်းအဖွဲ့က နယ်မြေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဥဿာမြို့သစ် (၆) ရပ်ကွက်၊ ပဲခူး-ရန်ကုန်လမ်းဘေး ကျိုက်ပွန်ဘုရားလမ်း မုဒ်ဦးအနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ISIS မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၄၇၉,၉၉၆) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မေ ၄ ရက်၊ ၅ ရက်နှင့် ၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ရှစ်မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၉,၆၀၉,၈၃၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်