တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၁၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ်လ ၁၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၃)လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် JFRESH Solar Flood Light with Panel (၁၃၂၀)စုံ၊ Ching Kuen Caped Wrapping Paper Machine တံဆိပ်ရိုက်စက် (၂)လုံး အပါအဝင် ကုန်ပစ္စည်း(၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅,၄၅၀,၀၀၀)ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ ကုန်သေတ္တာ(၂)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိ လာသည့် Measurement Equipment (၅၀)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၁,၀၁၂,၃၅၀)ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ လိုင်စင်မဲ့ Nissan X-Trail မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးနှင့် မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင် လာသော မော်တော်ယာဉ်(၁)စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် IWACHI LED မီးသီး (၄၃၀၀)လုံး၊ Smart Softener အမွှေးဆီ (၂၁၆၀)ထုပ် အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၈၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck (၁)စီးနှင့် Asia Star Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၈,၂၆၂,၃၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မတ်လ ၁၂ ရက်တွင် မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့နယ်၊ ‌‌ဂွေးကုန်းရပ်ကွက်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပုစွန် နှစ်ကောင်စားသုံးဆီ (၁)လီတာပါ (၂၄၀၀)ဘူး၊ Sponsor အချိုရည် (၁၃၂၀၀)ဘူး စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆,၉၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မတ်လ ၁၂ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ နောက်လယ်(၃)လမ်း၊ ကျောက်ပုံဆိပ်အနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ငါးဖမ်းပိုက်(၂၀၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ မြိတ်မြို့နယ်၊ ကမ်းသာယာ ကျေးရွာ၌ တရားမဝင် အခြားသစ် (၃ ဒသမ ၅၉၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၈,၉၂၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၅၃၈,၉၂၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၁)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၁,၇၀၁,၂၇၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှသိရသည်။

သတင်းစဉ်