နေပြည်တော် သြဂုတ် ၁၄

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ ထိန်းချုပ် ဓါတုပစ္စည်း (၃၉)မျိုးတွင် ပါဝင်သည့် Ergotamine (Mixture) ကီလိုဂရမ် (၁၆၀၀၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆,၈၀၀,၀၀၀)ကိုလည်းကောင်း၊ ထီးတန်းဆိပ်ကမ်း၌ ကုန်သေတ္တာ(၅)လုံးအတွင်းမှ ပိုင်ရှင်မှစွန့်လွှတ်ကြောင်း တင်ပြလာသည့် အိန္ဒိယနိုင်ငံထွက် Metallurgical Coke ကျောက်မီးသွေး ကီလိုဂရမ် (၈၁၅၉၀) အပါအဝင် ကုန်ပစ္စည်း(၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅,၈၇၁,၆၂၀)ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် Lipovitan-D အားဖြည့်အချိုရည် (၁၅၀၀) ပုလင်း၊ ပုဇွန်နှစ်ကောင်စားအုန်းဆီ (၁၈)လီတာပါ ပုံး (၂၁၀) အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆,၇၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Jin Bei Mini Bus (၁)စီးနှင့် Isuzu Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၉,၃၇၁,၆၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ် ၁၂ ရက်တွင် မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးမြို့၊ ဧရာဝတီတံတားစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သြဂုတ် ၁၂ ရက်တွင် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် Cuizimate လျှပ်စစ်ဒယ်အိုး (၁၈)လုံး အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇,၂၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Golden Dragon Bus (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ သြဂုတ် ၁၃ ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင် အခြားသစ် (၁ ဒသမ ၂၉၉)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၁၁,၉၀၄)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇,၅၆၁,၉၀၄) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ် ၁၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ငယ်ပူးပေါင်း စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် Deer Mayble Tiles (၁၄၄၈ ဒသမ ၀၇)စတုရန်းမီတာ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၂၇,၅၁၃,၃၃၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Man Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၃,၀၀၀,၀၀၀)ကိုလည်းကောင်း၊ သံရွာ စစ်‌ဆေးရေးဂိတ်အနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် Hifly ကားတာယာ (၁၃၆)လုံး၊ DC Type ဖုန်းအားသွင်း ကြိုး (၃၆၀၀၀) အပါအဝင် ကုန်ပစ္စည်း (၁၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၂,၄၆၉,၆၃၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၀,၉၈၂,၉၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ် ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တိုက်ကြီး မြို့နယ်၊ ဥက္ကံကြိုးဝိုင်း၊ အကွက်အမှတ် (၈၇)၌ တရားမဝင် အခြားသစ် (၃ ဒသမ ၆၁)တန် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁,၈၆၁,၀၅၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ သြဂုတ် ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၉,၇၇၇,၅၄၀) ဖြစ်ကြောင်း         တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်