နေပြည်တော် မတ် ၁၄

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

မတ် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင် အတွင်း၌ စက်လှေ (၁)စီးပေါ်မှ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၂၂၀)တန်၊ သစ်မာ (၂ ဒသမ ၁၈၀)တန်၊ အခြားသစ် (၃ ဒသမ ၄၃၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၁၇,၃၄၁)နှင့် အဆိုပါသစ်များ တင်ဆောင် လာသည့် စက်လှေ(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀)တို့ကို သစ်တောဥပဒေအရလည်းကောင်း၊ ပုသိမ်မြို့၊ အမှတ် (၁၅)ရပ်ကွက်၊ မြတ်တိုမီးပွိုင့်အနီး၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁,၅၁၇,၃၄၁)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၁ ရက်တွင် စစ်ကိုင်းမြို့နယ်၊ ရတနာပုံ တံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၆၆၈)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၈၉,၀၆၄)ကို သစ်တောဥပဒေအရလည်းကောင်း၊ မတ် ၁၄ ရက်တွင် ကလေးမြို့နယ်၊ ပဲဝိုင်းစစ်ဆေးရေး ဂိတ်အနီး၌ လိုင်စင်မဲ့မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၅၈၉,၀၆၄)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

မတ် ၁၂ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ်၊ ဘားအံစက်မှုဇုန်အနီး၌ မော်တော်ယာဉ် (၂၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်း သုံးပစ္စည်း (၆၂)မျိုး၊ လူသုံးကုန်ပစ္စည်း (၁၆)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၂၂,၉၈၀,၃၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck (၅)စီး၊ Nissan Diesel Truck (၂)စီး၊ Hino Truck (၁)စီး၊ စက်မှုဇုန်ထုတ် - Tun Hlaing Truck (၁)စီး၊ Nidi Truck (၁)စီး၊ Super Mandalar Truck (၁)စီး၊ Man Tractor Head (၃)စီး၊ Scania Tractor Head (၁)စီး၊ Volvo Tractor Head (၁)စီး၊ Nissan Diesel Tractor Head (၁)စီး၊ Chenglong Tractor Head (၁)စီး၊ Mitsubishi Fuso Tractor Head (၁)စီး၊ Dong Feng Tractor Head (၁)စီး၊ Shacman Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁၀)တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၈၅,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၅၀၇,၉၈၀,၃၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

မတ် ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၄၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၃၅,၀၈၆,၇၀၅)ကို ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်၏စီးပွားရေး ဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများသည် အဓိကအဟန့်အတား ဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာဆိုးကျိုးသက်ရောက်ခြင်းများကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက် ပိုမိုတားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)