နေပြည်တော် အောက်တိုဘာ ၂၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန် ဦးစီးဌာန၏ စီံမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၅ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၂၅)လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၂)မျိုး၊ လူသုံးကုန်ပစ္စည်း (၂)မျိုး၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၁,၈၉၇,၁၅၆)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးခရိုင်နှင့် မင်းဘူးခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၅၂၅)တန်၊ အခြားသစ် (၀ ဒသမ ၇၀၉)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၃,၂၄၉)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် အောက်တိုဘာ ၂၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ဓူဝံလမ်း၊ ဒေသငါးဖမ်းစက်လှေဆိပ်အနီး မြစ်ကမ်းဘေးတွင် စုပုံထားသော အကောက်ခွန်မဲ့ လုပ်ငန်းသုံးပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)နှင့် မြိတ်မြို့၊ မင်းဓမ္မ(၈)လမ်း၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ ဂိုဒေါင်(၁)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၀၀၀,၀၀၀)တို့ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းများအရလည်းကောင်း၊ မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စု၌ တရားမဝင် အခြား သစ်(၁၁ ဒသမ ၁၈၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၁၈,၀၀၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၁၁၈,၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။
ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင် တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၁၉ ဒသမ ၄၀၀)တန်၊ သစ်မာ (၃ ဒသမ ၇၇၂)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၂၉၈,၈၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
အောက်တိုဘာ ၂၅ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၇၇,၄၈၇,၂၈၅) ဖမ်းဆီးရမိခဲ့သည်။ ယနေ့ဖမ်းဆီးရမိမှုများတွင် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများ တရားမဝင်တင်သွင်းလာသည်ကို တွေ့ရှိရပြီး နိုင်ငံအတွင်း၌ အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် ၎င်းစံချိန်စံညွှန်း မပြည့်ဝနိုင်သည့် ကုန်ကြမ်းပစ္စည်းများ အသုံးပြုမှုကြောင့် အဆိုပါ အဆောက်အဦများတွင် နေထိုင်သူ ပြည်သူများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ တရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန် ရှိသူများမှ ပိုမိုတားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သတင်းရရှိ သည်။
(သတင်းစဉ်)