တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ မေ ၂၀

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မေလ ၁၇ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာငါးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် အိန္ဒိယ နိုင်ငံထုတ်လျှပ်စစ် ပစ္စည်း PVC Coated Copper Wire (၅၃၇၆၂ ဒသမ ၀၈) ကီလိုဂရမ်နှင့် သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် HUA DU Plane Cutting Machine လုပ်ငန်းသုံး ဖြတ်စက် (အကြီး) လေးလုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၀,၃၄၀,၉၅၇) ကိုလည်းကောင်း၊ မေ ၁၈ ရက်တွင် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံ ထုတ် Crazy စက်ဘီး အစီး (၁၄၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၈၀၀,၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၆၇,၁၄၀,၉၅၇) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေ ၁၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင်၊ နှင့် ဟင်္သာတခရိုင်တို့အတွင်း၌ အခြားသစ် (၈ ဒသမ ၄၇၅) တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၈၂၃,၀၄၁) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

ထို့ပြင် မေ ၁၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ (၁၆) မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ ကျောက်မဲမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Safety Helmet ဦးထုပ် အလုံး (၉၅၀) အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၄၆၀,၁၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Jin Bei Mini Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ရွှေကျင်စစ်ဆေးရေးစခန်း၌ မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် တစ်ခါသုံးပလပ်စတစ်ဘူး (၅၅၅) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းကိုးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂,၅၇၉,၂၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန် ဖိုးငွေကျပ် ၁၁၅,၀၃၉,၃၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ‌‌ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေ ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀)မှု ၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၆,၀၀၃,၂၉၈) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်