နေပြည်တော် ဇူလိုင် ၄
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၃)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် Foot Valve ရေပိုက်အဆို့ရှင် (၁၃၄၁) ကီလိုဂရမ်နှင့် Diesel Generating 55 KVA မီးစက်(၂)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၂၄၃,၆၈၅)ကို လည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁၀)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် GI Hollow Pipe ကီလိုဂရမ် (၅၆၁၃၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂,၅၀၁,၁၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၂,၇၄၄,၇၈၅)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ပဲခူးမြစ်လမ်းနှင့် ရတနာလမ်းဆုံတွင် လိုင်စင်မဲ့ Mini Cooper မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)နှင့် အင်းစိန်မြို့နယ်၊ ဗဟိုလမ်း အနီး၌ လိုင်စင်မဲ့ Honda Insight မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀) တို့ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ စက်မှုဇုန် (၂)၊ ဒီပဲယင်းဝန်ထောက်ဦးမြဲလမ်း၊ အမှတ် (၁၂၀/၁၂၁)၌ တရားမဝင် ကျွန်းသစ် (၁၂ ဒသမ ၅၆၇) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၇၅၃,၁၄၃)ကို သစ်တော ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၇၅၃,၁၄၃)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဇူလိုင် ၃ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင် သာပေါင်းမြို့နယ်၌ အခြားသစ်(၃ ဒသမ ၀၇၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၇,၉၅၅)နှင့် ဖျာပုံခရိုင် ဘိုကလေးမြို့နယ်၌ တရားမဝင် သစ်ခုတ်ရာတွင် အသုံးပြုသည့် သစ်စက်အင်ဂျင်(၁)လုံးနှင့် ဆက်စပ်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၇,၉၅၅)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဇူလိုင် ၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင် သစ်မာ (၀ ဒသမ ၂၈၀)တန်၊ အခြားသစ် (၀ ဒသမ ၈၆၆)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃,၈၅၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဇူလိုင် ၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟုမ္မလင်းမြို့နယ်၌ လိုင်စင်မဲ့ New Anbo 125 မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇူလိုင် ၃ ရက်နှင့် ၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၁)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၄,၉၀၉,၇၄၁)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်


