နေပြည်တော်၊ ဒီဇင်ဘာ ၇

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၅ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြဝတီမြို့၊ အာရှလမ်းမပေါ်ရှိ အေးသုခကျေးရွာ၊ PTT ဆီဆိုင်အနီး၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် နှစ်စီးပေါ်မှ အကောက်ခွန်မဲ့ မြေပဲဆံအိတ် (၂၀,၀၀၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၀၀၀,၀၀၀) နှင့် အဆိုပါဆီထွက်သီးနှံများ တင်ဆောင်လာသော မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၂,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ဒီဇင်ဘာ ၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မုံရွာမြို့၊ မအူ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ TOYOTA WISH အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီ ခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ (၄၅ ဒသမ ၂၄၈၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၁၉၂,၅၄၈) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ဒီဇင်ဘာ ၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆) မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော အဝတ်အထည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၄၇၀,၀၀၀) နှင့် အဆိုပါအဝတ်အထည်များ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၀၈,၄၇၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၃,၆၆၂,၅၄၈) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

 

သတင်းစဉ်