နေပြည်တော်၊ နိုဝင်ဘာ ၁၉
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
နိုဝင်ဘာ ၁၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၄)လုံး အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၀,၄၉၁,၃၀၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်များအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း(၁၆)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၁,၀၉၅,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၁,၅၈၆,၃၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျိုင်းတုံမြို့အထွက် ကျိုင်းဖောင်းရွာအနီး လမ်းဘေး တစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ ဆိုင်ကယ် အပိုပစ္စည်း (၁)မျိုး၊ လူသုံးကုန်ပစ္စည်း (၁)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့် ထားဝယ် ခရိုင်တို့ အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ် (၃)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၅၀၀,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။
ယင်းအပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့အဝင်၊ တံတားဦးအဝိုင်းအနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၀၀၇,၁၆၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Nissan Condor Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၇,၀၀၇,၁၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင်နှင့် လပွတ္တာခရိုင် တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် (၁)စီးနှင့် မော်တော်ဆိုင်ကယ်(၃)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၆၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၁၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ဖြူးမြို့နယ် အတွင်း၌ တရားမဝင်ကျွန်းသစ် (၄ ဒသမ ၅၀၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၆၅,၄၅၆) ကို သစ်တော ဥပဒေအရလည်းကောင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း၌ လိုင်စင်မဲ့ မော်တော်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၅၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၉,၄၆၅,၄၅၆)ကို ဖမ်းဆီးအရေး ယူဆောင်ရွက်လျက်ရှိသည်။
နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၂,၂၀၈,၉၁၆)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်စည်များ စျေးကွက်အတွင်း မျှတစွာ ယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေနိုင်သကဲ့သို့ စားသုံးသူ ပြည်သူလူထု အတွက် အသက်အန္တရာယ်ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်ပါသဖြင့် ယင်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းရရှိသည်။
(သတင်းစဉ်)