နေပြည်တော် သြဂုတ် ၃၀
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သြဂုတ် ၂၆ ရက်တွင် ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန် ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၁၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ သြဂုတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၇)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် လုပ်ငန်းသုံးပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၀,၂၆၅,၈၈၀)ကိုလည်းကောင်း၊ သြဂုတ် ၂၈ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၄)လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၂)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၂,၈၈၀,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်) ၌ လူသုံးကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈,၃၅၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၅၀,၅၉၅,၈၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းကုန်းမြို့နယ်၊ ရိုးကြီးချောင်း ပတ်လမ်း၊ ဘုရင့်နောင်စျေး၊ အမှတ် င/ဂ (၂)၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း (၁)မျိုးနှင့် လုပ်ငန်းသုံးပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇,၀၄၀,၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ သြဂုတ်လ ၂၈ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်း၊ ဝေဘူလမှတ်တိုင်အနီး၌ လိုင်စင်မဲ့ Toyota Crown မော်တော်ယာဉ် (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄,၅၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၁,၅၄၀,၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် သြဂုတ် ၂၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အမရပူရမြို့နယ်၊
ဆောက်တောဝကျေးရွာအုပ်စု၊ ထုံးဘိုလမ်းနှင့် ၆၇ လမ်း၊ လမ်းဆုံ၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဆိုင်ကယ်အပိုပစ္စည်း (၁၀)မျိုး
(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၄,၃၂၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီးနှင့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၄,၃၂၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၂၈ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သံလွင်တံတားပူးပေါင်း စစ်ဆေးရေးဂိတ် (တရုတ်လှဘက်ခြမ်း)၌ ဘားအံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်
(၁)စီးပေါ်မှ စားသောက်ကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၈၄၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် KIA Bongo Light Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၈၄၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၅ ဒသမ ၂၂၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၈၁,၅၉၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၂၉ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့၊
ရွှေပြည်စိုးကျေးရွာ၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် (၆)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၆၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၂၉ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်နှင့် ဥတ္တရခရိုင် တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၁၉ ဒသမ ၈၀၄)တန် (ခန့်မှန်းတန်ဖိုးငွေ ကျပ်၇,၂၃၁,၀၁၀)ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ သြဂုတ် ၂၆ ရက်၊ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၆,၂၀၈,၄၈၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
(သတင်းစဉ်)


