နေပြည်တော် ဖေဖော်ဝါရီ ၂၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁) လုံး အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၁) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၂၈၈,၆၀၀) ကိုလည်းကောင်း၊ ဝေါမြို့၊ Puma စက်သုံးဆီဆိုင်အနီး၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၃) စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၇) မျိုး၊ လူသုံးကုန်ပစ္စည်း (၃) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၉,၈၂၅,၉၂၆) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck (၁) စီး၊ Mitsubishi Fuso Truck (၁) စီး၊ UD Truck (၁) စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၂,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၅,၁၁၄,၅၂၆) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဖေဖော်ဝါရီ ၂၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာအုပ်စု၊ ပိန္နဲတောင်ကျေးရွာအနီး၌ တရားမဝင် အခြားသစ် (၂ ဒသမ ၃၁၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၃,၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၄) မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀,၆၁၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck (၁) စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ပြည်ခရိုင်အတွင်း၌ တရားမဝင် အခြားသစ် (၀ ဒသမ ၄၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀,၆၃၄,၀၀၀) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးဂိတ်၌ မန္တလေးမြို့မှ ကလေးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၇) မျိုး၊ လူသုံးကုန်ပစ္စည်း (၁) မျိုး၊ စားသောက်ကုန်ပစ္စည်း (၁) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၁၂၀,၉၇၅) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Chin Dwin Star Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇,၁၂၀,၉၇၅) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့၊ ဂွေးကုန်းရပ်ကွက်၊ လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ လုပ်ငန်းသုံးပစ္စည်း (၁) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉,၂၂၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၄) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၂,၂၈၃,၀၀၁) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်တင်သွင်းမှုများကြောင့် နိုင်ငံ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် သိသာစွာ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှရရှိသည့် အခွန်အခများ၊ တရားဝင်အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များအပေါ် ထိခိုက်နစ်နာမှုများလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ဖြစ်၍ တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
