နေပြည်တော်၊ ဖေဖော်ဝါရီ ၈

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။

 

ဖေဖော်ဝါရီ ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၉၈၄,၀၀၀) ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ သုံးလုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံး ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၇,၇၇၄,၈၈၀) ကို လည်းကောင်း၊ သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး၊ လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၁၃၂,၇၁၄) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၅,၈၉၁,၅၉၄) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဂျော်နီကျွန်းအနီး၌ တရားမဝင် ငါးဖမ်းရာတွင် အသုံးပြုသည့် သစ်သားကိုယ်ထည်စက်လှေ ငါးစီးနှင့် ဆက်စပ်ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၀၀၀,၀၀၀)ကို မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်း ဥပဒေအရလည်းကောင်း၊ ကျွန်းစုမြို့နယ်၊ သဲတန်းကြီးကျေးရွာ၌ လိုင်စင်မဲ့ Wave 100 မော်တော်ဆိုင်ကယ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၅၀၀,၀၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့အတူ ဖေဖော်ဝါရီ ၇ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရဲသာယာယီ ယာဉ်စစ်ကွင်း၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၀၄၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Cheng Long Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၀၄၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရတနာ ပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် ကံတလူပူးပေါင်း စစ်ဆေးရေးဂိတ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်နှစ်စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၂ ဒသမ ၀၇၁) တန်၊ သစ်မာ (၀ ဒသမ ၃၁၆) တန်၊ အခြားသစ် (၀ ဒသမ ၂၀၂) တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၄၂၇,၁၂၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

 

ထို့အပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပလိပ်နှင့် မြစ်ငယ်လမ်းကြား၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၆၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ပလိပ်လမ်းခွဲအနီး၊ စိန်စီအောင်ဆီဆိုင်အနီး၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်ထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁,၂၁၇,၇၂၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီးနှင့် Isuzu Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ထုံးဘို - မြစ်ငယ် တိုးဂိတ်အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၁၄၂,၅၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ပလိပ်မြို့၊ Denko ဆီဆိုင်အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁၁) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၇၁၃,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၉,၆၇၃,၂၂၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မှော်ဘီမြို့နယ်၊ မြို့ချောင်းတိုးဂိတ်အနီး၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့ အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ် လေးစီးနှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် နှစ်စီး စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၉,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၂) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၆,၀၃၁,၉၄၀) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းတို့ ဖြစ်ပေါ်စေပြီး နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ ဆိပ်ကမ်းများနှင့် နယ်စပ်ဒေသများမှ တရားမဝင် ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမို တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်