နေပြည်တော်  ဇွန် ၉

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့က မြန်မာစက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Ceramic Tiles (၂၂၄၈၇၅)ချပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆,၅၀၂,၄၇၅)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ဇွန် ၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ပြင်ဦးလွင်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၁၉)၌ ရှောင်တခင်စစ်ဆေးရာ အကောက်ခွန်မဲ့ပစ္စည်းများ တွေ့ရှိရသဖြင့် မန္တလေးမြို့နယ်အကောက်ခွန် ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်၍ အ‌သေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အ‌ထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ခြင်ဆေးရည်ဘူး (၂၇၃၀)ဘူး အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၅၂၀,၀၀၀)ကိုလည်းကောင်း၊ ဆိုင်ကယ်ရှေ့မီးခွက် (၁၁)ခု အပါအဝင် ကုန်ပစ္စည်း (၁၀)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀,၁၈၀,၀၀၀)ကိုလည်းကောင်း၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Win Myanmar Bus မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၃,၇၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဇွန် ၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပဲခူးခရိုင်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က ပဲခူးခရိုင်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင်ကျွန်းသစ် (၂ ဒသမ ၁၄၄)တန်နှင့် အခြားသစ် (၀ ဒသမ ၃၀၈)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၉၂,၁၉၂)ကို သစ်တောဥပဒေအရလည်းကောင်း၊ တာဝန်ကျပူး ပေါင်းအဖွဲ့က ညောင်လေးပင်မြို့နယ်၊ မြို့မ (၄)ရပ်ကွက်၊ ရွှေကံသာလမ်းမအနီး၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Plantana မော်‌တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၅၂၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၄,၃၁၂,၁၉၂) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဇွန် ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၆)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၄,၅၁၄,၆၆၇)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။  

(သတင်းစဉ်)