နေပြည်တော်၊ နိုဝင်ဘာ ၂၄
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာ ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ခြောက်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၆,၀၄၁,၂၅၇) ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၁၆) လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံး ပစ္စည်း နှစ်မျိုး၊ လူသုံးကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၇,၈၁၀,၄၃၀) ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅,၅၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၄,၃၅၁,၆၈၇) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၌ တရားမဝင် အခြားသစ် (၁၉ ဒသမ ၉၈၉) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၁၉,၁၂၃) ကို သစ်တောဥပဒေ အရလည်းကောင်း၊ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ပေါင်မြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီးနှင့် မော်တော်ဆိုင်ကယ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၀၀၀,၀၀၀) ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၇၁၉,၁၂၃) ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။
နိုဝင်ဘာ ၂၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ဗိုလ်ရွဲလမ်း၊ အင်ဂျင်ဝိုင် စက်ရုံဟောင်းအနီးတွင် စုပုံထားသည့်အကောက်ခွန်မဲ့ လုပ်ငန်းသုံးပစ္စည်း နှစ်မျိုးနှင့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၁,၃၅၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကလေးမြို့၊ တောင်ဖီလာ ရပ်ကွက်၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် ကံတလူပူးပေါင်း စစ်ဆေးရေး ဂိတ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်လေးပင်ခရိုင်အတွင်း၌ တရားမဝင် အခြားသစ် (၂ ဒသမ ၁၆၉) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၀,၅၆၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
နိုဝင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၃) မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၉၁,၄၄၁,၃၇၀) ကို ဖမ်းဆီးရမိခဲ့သည်။ ယနေ့ဖမ်းဆီးရမိမှုများတွင် လုပ်ငန်းသုံးပစ္စည်းများ တရားမဝင်တင်သွင်းလာသည်ကို တွေ့ရှိရပြီး ထိုကဲ့သို့ တရားမဝင် ပစ္စည်းများ တင်သွင်းလာမှုကြောင့် တရားဝင်တင်သွင်းသည့် လုပ်ငန်းရှင်များအပေါ် ထိခိုက်နစ်နာမှု ဖြစ်စေခြင်းနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းစေခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါသဖြင့် ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက် ပိုမို၍တားဆီး စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းရရှိသည်။
သတင်းစဉ်