နေပြည်တော်၊ ဧပြီ ၂၉
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၇ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးမြို့နယ်အတွင်း ရွှေကျင်ရာတွင် အသုံးပြုသည့် တရားမဝင် ကျောက်စုပ်မော်တော်ယာဉ် (၁၁)စီး၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၅,၀၀၀,၀၀၀) ကို ပြည်တွင်းရေကြောင်းသွားရေယာဉ်ဥပဒေအရ လည်းကောင်း၊ သံခွန်စက်လှေ (၄)စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀,၀၀၀,၀၀၀)နှင့် ကုန်တင်စက်လှေ (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀)ကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၆,၅၀၀,၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။
အလားတူ ဧပြီ ၂၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန် အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေး စခန်း၌ သွင်းကုန်ကြေညာလွှာ (ID)တွင်ကြေညာထားသည်ထက် ပိုမိုပါရှိလာသော အဝတ်အထည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၇၀၀,၀၀၀)ကို လည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာ (ID)နှင့် ကိုက်ညီမှုမရှိသော ကြွေထည်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈,၇၁၁,၀၀၀)ကို လည်းကောင်း၊ MIPL ဆိပ်ကမ်း၌ သွင်းကုန်ကြေညာလွှာ (ID) ဖွင့်လှစ်ပြီး တစ်နှစ်ကျော်လွန် သည်အထိ လာရောက်ထုတ်ယူခြင်းမရှိသော မော်တော်ယာဉ် (၂၇)စီး၊ (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၃၅၆,၅၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုး ငွေကျပ် ၄၂၀,၉၁၁,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော ကုန်တင်ယာဉ်(၁)စီးပေါ်တွင် တရားမဝင်သယ်ဆောင်လာသော Lipovitan -D တံဆိပ် အချိုရည်များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဧပြီ ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး
အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ (၁၅ ဒသမ ၅၁၄၆)တန်၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၂၄၀,၄၅၄)ကို ဖမ်းဆီးရမိ ခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ချောင်းဦးမြို့နယ်နှင့် မုံရွာမြို့နယ်များအတွင်း လိုင်စင်မဲ့ NEW BUDDY CZI 125 အမျိုးအစား ဆိုင်ကယ် (၁)စီးနှင့် KENBO 125 အမျိုးအစား ဆိုင်ကယ်(၁)စီး၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဧပြီ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၅၂ ) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၅,၈၅၁,၄၅၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
(သတင်းစဉ်)