နေပြည်တော်၊ ဒီဇင်ဘာ ၂၁

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်ဝန်စည်များနှင့်အတူ ရောနှောသယ်ဆောင်လာသော တရားဝင် တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အလှကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရန်ကုန် - မြဝတီ ပြည်ထောင်စုလမ်းမကြီး၊ (၉၂) မိုင် (၆) ဖာလုံ၊ ရွှေဖြူရာဘာခြံအနီး ရှောင်ကွင်းလမ်းထိပ်တွင် ပိုင်ရှင်မဲ့စုပုံထားသော အကောက်ခွန်မဲ့ စားသုံးဆီ (၅၄၀) လီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၈၆၀,၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၈၆၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

ယင်းအပြင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကျိုင်းတုံမြို့နယ်၊ အကောက်ခွန်ဦးစီးဌာနမှူးရုံး ဦးဆောင်သော ပူးပေါင်းစစ်‌ဆေးရေးအဖွဲ့က စစ်ဆေးမှုများ‌ ဆောင်ရွက်ခဲ့ရာ ကျိုင်းတုံမြို့နယ်၊ ကားကြီးကွင်း၊ လပြည့်ဝန်း ဆီဆိုင်အနီးတွင် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၃၂၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉,၃၂၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

 

 

 

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တန့်ဆည်မြို့နယ်အတွင်း Lifan 125 အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မုံရွာမြို့၊ မအူပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ခရီးသည်တင်ယာဉ်နှစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၄၉၅,၅၀၀) နှင့် အဆိုပါကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၆၀၀,၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၂၉၅,၅၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

 

ယင်းအပြင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေး‌ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းဘူးမြို့နယ်အတွင်း တရားမဝင် ရေနံစိမ်း (၉၀) ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပြည်သူပိုင် ပစ္စည်းကာကွယ်‌ရေး အက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဒီဇင်ဘာ ၂၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန ဦးဆောင်‌သော ပူးပေါင်း စစ်‌ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေး - ပြင်ဦးလွင် ကားလမ်း၊ မိုင်တိုင်အမှတ် (၂၁) မိုင် (၂) ဖာလုံအနီးတွင် ပိုင်ရှင်မဲ့ စုပုံထားသော အကောက်ခွန်မဲ့ DUNHILL အမှတ်တံဆိပ် စီးကရက်ဗူး (၅၀) ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅,၀၀၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

 

အလားတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အင်္ဂပူမြို့နယ်နှင့် ‌ရေကြည်မြို့နယ်တို့အတွင်း တရားမဝင် သစ်မျိုးစုံ (၃၈.၂၀၆၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၆၆,၃၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၁၉ ရက် နှင့် ၂၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၇) မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၇၂,၈၁၁,၈၀၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

 

သတင်းစဉ်