နေပြည်တော် ဧပြီ ၁၈
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန တာဝန်ကျစစ်ဆေးရေးအဖွဲ့က သတင်းအရ (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်းအား ရှောင်ကွင်း၍ ဘယ်လင်း-စွန်ရဲ-ရဲရွာ-ကဗျူး-သံတောင်-ရွှေချောင်း-ပြင်စာလမ်းပိုင်းရှိ (၃၁.၅)ကီလိုမီတာမှတ်တိုင်အနီးတွင် ပီနံအိတ်များဖြင့် ထည့်ထားသည့် ကျောက်တုံးဆိုဒ်စုံ(၃)ထုပ်၊ ကျောက်တုံးအသေးရောနှော(၃၃)အိတ်တို့အား စိစစ်တွေ့ရှိသဖြင့် မန္တလေးမြို့နယ်အကောက်ခွန်ဦးစီး ဌာနမှူးရုံးသို့ ပို့ဆောင်၍ အသေးစိတ် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျောက်စိမ်းဟုယူဆရသော ကျောက်တုံးဆိုဒ်စုံ(၆၀)ကီလိုဂရမ်နှင့် အလှဆင်ကျောက်ဟုယူဆရသော အနီရောင်ကျောက်မှုန့်နှင့် ကျောက်တုံးအသေးရောနှော (၁၅၈၄) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၈၄၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ဧပြီ ၁၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ပဲခူးမြို့သို့ထွက်ခွာလာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းတစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် M-150 အချိုရည်(၁၅၀)ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၄၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Toyota Hiace (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တရုတ်နိုင်ငံမှ ရောက်ရှိလာသော လေယာဉ်(၁)စင်းပေါ်ရှိ ခရီးသည်ဝန်စည်များအတွင်းမှ တရားဝင် စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Professional Wireless Intercom (၁၂)စုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၂၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၆၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်နှင့်မြို့နယ်သစ်တောဦးစီးဌာန အသီးသီးအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရေတာရှည်မြို့နယ်၊ လက်ပံတန်းမြို့နယ်၊ သဲကုန်းမြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် အုတ်ဖိုမြို့နယ်များအတွင်း တရားမဝင် သစ်မျိုးစုံ(၁၇ ဒသမ ၆၀၆)တန် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၄,၈၆၅,၆၅၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြို့နယ်သစ်တောဦးစီးဌာန အသီးသီးအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် ဥတ္တရသီရိ မြို့နယ်များအတွင်း တရားမဝင် သစ်မျိုးစုံ(၁၂ ဒသမ ၇၆၀)တန်နှင့် မီးသွေး(၃ ဒသမ ၃၃၀)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၂၅၂,၂၁၇)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဧပြီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၆) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၅၅၇,၈၇၃) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်