နေပြည်တော်၊ စက်တင်ဘာ ၁၂
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဝေါမြို့နယ်၊ ညောင်ခါးရှည် လမ်းဆုံအနီးရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ X-ray Station (ညောင်ခါးရှည်)မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်တွင် ရာဘာထင်းချောင်းများဖြင့် ဖုံးအုပ်တင်ဆောင်လာသော ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် အမိုနီယမ်နိုက် ထရိတ် (၈,၂၅၀) ကီလိုဂရမ်အား ဖမ်းဆီးရမိခဲ့သဖြင့် ကွင်းဆက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်ဘူတာကြီး၌ ထပ်မံ၍ အမိုနီယမ်နိုက်ထရိတ် (၇၄,၃၅၀) ကီလိုဂရမ်၊ စုစုပေါင်း အမိုနီယမ်နိုက်ထရိတ် (၈၂၆,၀၀၀) ကီလိုဂရမ်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃,၉၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စက်တင်ဘာ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီံမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၆၅၉,၁၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ စက်တင်ဘာ ၁၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးရွှေသံလွင် တိုးဂိတ်အနီး၌ သထုံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်တွင် တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသုံးဆီနှင့် အချိုရည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၂၈၈,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၂၈၈,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က တောင်ကြီးမြို့မှ မန္တလေးမြို့သို့ ဝင်ရောက်လာသောယာဉ်များတွင် တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ သယ်ဆောင်နေကြောင်းသတင်းအရ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေး လမ်းဟောင်း ထုံးဘိုလမ်းခွဲအနီးတွင် မော်တော်ယာဉ်နှစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁,၃၅၈,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉,၅၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,၈၅၈,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ် တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသည့် စားသောက်ကုန် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၆၄၆,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် (၁၂) ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၆၄၆,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စက်တင်ဘာ ၁၂ ရက်တွင် ရှမ်းပြည်နယ်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကျိုင်းတုံမြို့နယ်၊ အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နောင်နွန်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာချီလိတ်မှ ကျိုင်းတုံသို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် စားသုံးဆီ(၁၆၅)ပုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၂၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Vanette အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁,၂၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ယင်းအပြင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ စိုင်ကောင်းကြိုးဝိုင်းအတွင်း တရားမဝင် သစ်မျိုးစုံ (၀ ဒသမ ၆၉၅၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၆၆၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ စက်တင်ဘာ ၇ ရက်၊ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၁) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၁,၅၉၉,၇၆၄ ) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်