နေပြည်တော် ဇန်နဝါရီ ၈

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်း မရှိသော 12V 12Ah Battery (၆၀၀) လုံး အပါအဝင် ကုန်ပစ္စည်း (၅) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၆၀၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

mdn

 

အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံး ဦးဆောင်သော ပူးပေါင်းအဖွဲ့က ပဲခူးမြို့နယ် ရွှေသံလွင်တိုးဂိတ်အနီးတွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော Prawn Hornet တံဆိပ် RBD Palm Olein (၁၀၈၀) လီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၈၈၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Hino Freezer Box Truck အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းအရလည်းကောင်း၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် ကျွန်းသစ်၊ ကညင်သစ်နှင့် ပျဉ်းကတိုးသစ် (၅ ဒသမ ၃၀၀၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၉၂,၀၄၀) ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄,၆၇၂,၀၄၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

mdn

 

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆) မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျွန်းသစ် (၀ ဒသမ ၃၅၅) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉ဝ,၅ဝဝ)၊ တောရိုင်းတိရစ္ဆာန်နှင့်ငှက်မျိုးစုံ ကိုးမျိုး ၊ အကောင်ရေ (၁၂၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၁၈ဝ,ဝဝဝ) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော NISSAN AD VAN အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,ဝဝဝ,ဝဝဝ)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃,၅၇၀,၅၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဇန်နဝါရီ ၆ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၈) မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၇,၈၄၂,၅၄၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်