နေပြည်တော်၊ ဧပြီ ၂၅

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ဧပြီ ၂၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်‌ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဦး‌ဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကလေးမြို့နယ်အတွင်း တရားမဝင် တင်ဆောင်လာသော ခိုင်းနွား (၉) ကောင်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၇၀၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး တိရိစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ပဲခူးတိုင်း‌ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့အတွင်း တရားမဝင် သစ်မျိုးစုံ (၄ ဒသမ ၆၈၂၄) တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၂,၁၂၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 

mdn

 

ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ခရီးသည်တင် မှန်လုံယာဉ် နှစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းများနှင့် အဝတ်အထည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၃၄၃,၀၀၀) လည်းကောင်း၊ (၂၂) ဘီး၊ ကုန်တင်ယာဉ်တစ်စီးပေါ်၌ ဂျင်းဘောင်းဘီများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀) လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၃၄၃,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီ ၂၅ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ( ၇ ) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်           ၂၂,၆၉၅,၁၂၀) ဖြစ်ကြောင်း  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ 

သတင်းစဉ်