နေပြည်တော်၊ ဧပြီ ၁၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၁၁ ရက်တွင် ရှေ့တန်းအမှတ် (၃၈၁) ခြေမြန်တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေး လှိုဏ်ခေါင်းအနီး (မြန်မာဘက်ခြမ်း) ၌ ရပ်တန့်ထားသော (၁၂) ဘီးကုန်တင်ယာဉ် (၃) စီးပေါ်မှ  တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများ (၄၀၉၂၁) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ်၂၄၀,၅၁၄,၄၈၀) ကို မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေအရလည်းကောင်း၊ ဧပြီ ၁၀ ရက်နှင့် ၁၅ ရက်များတွင် ပြည်နယ်သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က တရားမဝင် ကျွန်းသစ်များ (၇ ဒသမ ၀၃၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၄,၅၀၀) ကို သစ်တောဥပဒေအရလည်းကောင်း ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဧပြီ ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ရခိုင်ပြည်နယ်၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေး အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာအမ်းမြို့နယ်၊‌ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်တို့အတွင်း တရားမဝင်သစ်မျိုးစုံ (၁၂ ဒသမ ၃၈၄၃) တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၄၇,၂၅၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီ ၁၄ ရက်တွင် မွန်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သထုံခရိုင်၊ ပေါင်မြို့နယ်အတွင်း တရားမဝင် မအူခွဲသားနှင့် ကောင်းမှုခွဲသား (၁ ဒသမ ၂၂၀၃) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅,၄၂၁) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၂,၁၂၁,၆၅၅) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။(

သတင်းစဉ်

 

mdn