နေပြည်တော် ဧပြီ ၁၃
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ် (၁) စီးပေါ်၌ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားသည့် ပစ္စည်းများနှင့်အတူ ရောနှောတင်ဆောင်လာသော အကောက်ခွန်မဲ့ ကားတာယာများ ( ခန့်မှန်းတန်ဖိုး ငွေ ကျပ် ၆,၀၀၀,၀၀၀ ) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မွန်ပြည်နယ်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ဘိနယ်၊ ထောင်မှူးကျေးရွာ (တောင်ဘက်) တောစပ်အနီး၌ တရားမဝင် တောင်သရက်ခွဲသားနှင့် ကောင်းမှုခွဲသား (၁ ဒသမ ၀၉၆၆) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆,၇၆၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်း တရားမဝင်သစ်မျိုးစုံ ( ၁ ဒသမ ၁၂၃၄ ) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈,၆၃၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဧပြီ ၁၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း တရားမဝင် ကျွန်းခွဲသား ဆိုဒ်စုံ (၁ဒသမ၂၀၆) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၁,၈၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်မျိုးစုံ (၃၆ ဒသမ ၁၁၅၁) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၉၂၅,၈၁၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဧပြီ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၆) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၄၄၃,၀၁၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်