လှည်းကူး ၁၀ ဇန်နဝါရီ

     

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ တရားမဝင်ကျွန်းခွဲသားများ(၆)တန်ကျော်တင် ဆောင်လာသူ(၂)ဦးကို ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းတွင် လှည်းကူးမြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

9

 
 
ဇန်နဝါရီ ၈ ရက် နေ့လည် ၁ နာရီ ၄၅ မိနစ်က မြောက်ပိုင်းခရိုင်သစ်တောဦးစီးဌာန မှ AD ဦးဆောင်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစည်သူလင်းနှင့်သစ်တောဝန်ထမ်း(၈)ဦး၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ ရဲအုပ် သန်းဝင်းခိုင်ပါ(၄)ဦး၊ စုစုပေါင်း(၁၃)ဦးပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်ဖမ်းဆီးရေး ဆောင်ရွက်နေစဉ် အမှတ်(၃)လမ်းဆုံဘက်မှ အမှတ်(၇)လမ်းအတိုင်း မသင်္ကာ ဖွယ်မောင်းနှင်လာသော အစိမ်းရောင်ယာဉ်အား တားဆီးစစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှပုလင်းအခွံထည့်ထားသော ပီနံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော တရား မဝင်ကျွန်းခွဲသားများအား တွေ့ရှိရသဖြင့် မြို့မပျိုးဥယျာဉ်တွင်သယ်ဆောင်၍ ချတိုင်းစစ်ဆေးရာ တရားမဝင် ကျွန်းခွဲသား (၈၅၆)ချောင်း၊ ( ၆ ဒသမ ၈၃၈ )တန်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့နှင့်အတူ ရှာဖွေ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။      

 

ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ယာဉ်ပိုင်ရှင်၊ သစ်ပိုင်ရှင်နှင့် ဆက်စပ်ပြစ်မှုကျူးလွန်သူများအား လှည်းကူးမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။   

 

နိုင်လင်း(လှည်းကူး)