နေပြည်တော်၊ မေ ၁

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၂၈ ရက်တွင် မူဆယ်မြို့၊ နန်းတော်စစ်ဆေးရေးဂိတ်၌ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော တရားမဝင်ကုန်ပစ္စည်းများ တွေ့ရှိရသဖြင့် မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်၍ အသေးစိတ်စစ်ဆေးခဲ့ရာ တရားဝင်တင်သွင်းခွင့် အထောက်အထား စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသော SECONDHAND MOBILE HANDSET အလုံး (၆၉၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၅၀၀,၀၀၀)ကို လည်းကောင်း၊ ဧပြီ ၂၉ ရက်တွင် မူဆယ်မြို့၊ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာတွင် စုပုံထားသော ကုန်ပစ္စည်းများအား တွေ့ရှိသဖြင့် မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်၍ အသေးစိတ် စစ်ဆေးခဲ့ရာ တရားဝင်တင်သွင်းခွင့် အထောက်အထား စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် CEILING LAMP LED COMPLETE SET အခု (၂၀) အပါအဝင် ကုန်ပစ္စည်း (၉) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၁၉၄,၂၄၀) ကိုလည်းကောင်း၊ ကျိုင်းတုံမြို့၊ မြို့အထွက် တက္ကသိုလ်အနီး၌ တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးအား ရပ်တန့်စစ်ဆေးရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Hoco True Wireless Speaker (၁၇) ခုအပါအဝင် ကုန်ပစ္စည်း (၄၀)မျိုး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၇၇,၉၆၄,၅၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသော FOTON TOANO Mini Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၇,၆၅၈,၇၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ ဧပြီ ၂၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (သွင်းကုန်) ၌ ခရီးသည်၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် ငှက်သိုက် (၃ ဒသမ ၂၅) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

mdn

 

ထို့အတူ ဧပြီ ၃၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ရွှေဘိုမြို့၊ မြို့မရဲစခန်းမှ ရဲအုပ်ဦးဆောင်သော ပူးပေါင်းအဖွဲ့က ရွှေဘိုမြို့နယ်၊ ထနောင်းကုန်းကျေးရွာအနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် X-TRAY မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်

ထို့အတူ မေ ၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က တောင်ငူခရိုင်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင်ကျွန်းသစ် (၃ ဒသမ ၂၉၀) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၅,၆၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီ ၂၈ ရက်၊ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀,၆၀၄,၃၄၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်