မြစ်ကြီးနား ဇွန် ၂၄
ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ ဌာနဆိုင်ရာ အဖွဲ့အစည်း ဝန်ထမ်းများအား ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စွမ်းဆောင်ရည် မြင့်မားစွာဖြင့် ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ဇွန် ၂၀ ရက်မှစတင်၍ ငါးရက်ကြာ ဖွင့်လှစ်ခဲ့သည့် ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး (ဆင့်ပွား) သင်တန်း(၁/၂၀၂၂) သင်တန်းဆင်းပွဲကို ဇွန် ၂၄ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဗဟိုကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က “အထူးအဖွဲ့မှ ဝန်ထမ်းများအနေဖြင့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ပိုမိုသိရှိနားလည်ပြီး သင်တန်းမှ သင်ယူထားရှိသည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး တရားမဝင် ကုန်သွယ်မှု လျော့နည်း ပပျောက်စေရေးကို အထူးအလေးထား ဆောင်ရွက်သွားရန်နှင့် ဥပဒေ၊ အမိန့် ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဖမ်းဆီး/ တားဆီးမှုများကို အရှိန်အဟုန်မြှင့် စွမ်းစွမ်းတမံ ဆောင်ရွက်သွားကြရန် လိုကြောင်း” တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ သင်တန်းသား ၃၈ ဦး တို့အတွက် သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ရာ ပြည်နယ် ဗဟိုကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်က ရဲတပ်ဖွဲ့ဝင်များအား လည်းကောင်း၊ အဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများအား လည်းကောင်း၊ အဖွဲ့ဝင် ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက သစ်တောဦးစီးဌာန ဝန်ထမ်းများအတွက် လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)