နေပြည်တော်၊ ဧပြီ ၂၇

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်သစ်တော ဦးစီးဌာန အသီးသီးအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဟင်္သာတခရိုင်နှင့် ပုသိမ်ခရိုင်များအတွင်း တရားမဝင် ကျွန်းသစ်နှင့် အခြားသစ်မျိုးစုံ (၂၅ ဒသမ ၈၆၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၄၆,၁၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီ ၂၅ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေး စခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်နှစ်စီးအား စစ်ဆေးခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် CAMEL ဆိုင်ကယ်တာယာ အလုံး (၁၃၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၂၅၀,၀၀၀) နှင့် Foam Slipper Sandal ဖိနပ် (၁၆၈) စုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၂၀,၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅,၇၇၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

mdn

 

ထို့အပြင် ဧပြီ ၂၅ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တပ်ကုန်းမြို့နယ် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ တပ်ကုန်းမြို့နယ်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင်သစ်မျိုးစုံ (၄ ဒသမ ၃၃၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၄,၇၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက မရမ်းချောင အမြဲတမ်း စစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၂၅ ရက်တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ် တစ်စီးပေါ်တွင် သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် နိုင်လွန်ဇာ (၃၈၅၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကို လည်းကောင်း၊ ဧပြီ ၂၆ ရက်တွင် မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်တစ်စီးအား စစ်ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Lactasoy Milk (၃၆၀၀)ဘူး အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၁၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Express တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁,၅၂၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

mdn

 

အလားတူ ဧပြီ ၂၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ မန္တလေးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်တွင် သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသည့် Bluetooth Mini Speaker (၂၉၅) ခု အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၀၀,၃၈၂) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Hino Profia မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)၊  စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၈,၉၀၀,၃၈၂)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
 
ထို့အပြင် ဧပြီ ၂၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာန အသီးသီးအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်များအတွင်း တရားမဝင်ကျွန်းသစ် (၂ ဒသမ ၂၇၆) တန်နှင့် သစ်မာ (၀ ဒသမ ၇၂၉၄) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၁၁၅,၇၈၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ ညောင်လေးပင်မြို့မရဲစခန်းမှ စစ်ဆေးရေးအဖွဲ့က ကင်းလှည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်လေးပင်မြို့၊ မြို့မ(၄)ရပ်ကွက်၊ မီးရထားသံလမ်းခုံးအနီးတွင် တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Mitsubishi မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၆၁၅,၇၈၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီ ၂၂ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃,၀၀၇,၀၄၂)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်