နေပြည်တော် ၁၈ ဇူလိုင်
တရားရေးကဏ္ဍအဖွဲ့အစည်းများနှင့် မီဒီယာများ၏ တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေးဆိုင်ရာ အဆင့်မြင့် မဟာဗျူဟာစကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hilton ဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲ၌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာအနှံ့တွင် ဥပဒေစိုးမိုးမှုကျဆင်းနေကြောင်းနှင့် တရားဥပဒေစိုးမိုးမှုကို မည်သည့်နိုင်ငံကမှ ပြီးပြည့်စုံအောင် မစွမ်းဆောင်နိုင်သေးဟု အမေရိကန်အခြေစိုက် World Justice Project က ယခုနှစ် အစောပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း။
တရားဥပဒေစိုးမိုးမှုသည် လူတိုင်းနှင့် ပတ်သက်သည့် အကျိုးတူကိစ္စရပ် တစ်ခုဟု ပြောကြပါကြောင်း၊ တရားဥပဒေစိုးမိုးမှုကို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့က ဆောင်ရွက်၍ မရနိုင်ပါကြောင်း၊ အားလုံးက ဝိုင်းဝန်းပူးပေါင်းအားထုတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
“ဥပဒေ သိရှိနားလည်မှု မရှိခြင်းသည် ဥပဒေချိုးဖောက်မှုအား ခွင့်လွှတ်နိုင်သည့် အကြောင်းပြချက် တစ်ခုမဟုတ်ဟုဆိုသည့် ဥပဒေဆိုရိုးစကားတစ်ခုနှင့်အညီ ဥပဒေဆိုင်ရာ အသိပညာပေးမှု မြှင့်တင်ခြင်းကို အများပြည်သူကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုပါကြောင်း။
မိမိတို့အစိုးရအနေဖြင့် ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ၊ စကားဝိုင်းများ အလုပ်ရုံ ဆွေးနွေးများကို တတ်နိုင်သလောက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ထိုပြင် ပြန်ကြားရေးဝန်ကြီးဌာနမှ နိုင်ငံအနှံ့တွင် ဖွင့်လှစ်ထားရှိသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးရုံး ၄၁၇ ရုံးတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့် နိုင်ငံတော်ပြန်တမ်းများကို စိတ်ပါဝင်စားသူများ လေ့လာဖတ်ရှုနိုင်ရန် တတ်နိုင်သလောက် သိမ်းဆည်းထားရှိပါကြောင်း၊ ထို့ပြင် မိမိတို့ပြန်ကြားရေးဝန်ကြီးဌာန၏ website www.moi.gov.mm တွင် ပြဋ္ဌာန်းပြီး ဥပဒေ ၇၂၇ ခု၊ ဥပဒေကြမ်း ၁၁၅ ခု နှင့် နည်းဥပဒေ ၁၂၀ တို့ကို လွှင့်တင်ထားရှိရာ မည်သူမဆို အခမဲ့ download လုပ်ရယူနိုင်ပါကြောင်း။
မီဒီယာနှင့် တရားဥပဒေစိုးမိုးမှုသည် အပြန်အလှန် အမှီသဟဲပြုနေပါကြောင်း၊ လွှတ်လပ်ပြီး ကျင့်ဝတ် လိုက်နာကာ မိမိကိုယ်ကို ထိန်းကျောင်းနိုင်သည့် မီဒီယာ များသည် တရားဥပဒေစိုးမိုးမှုအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပါ ကြောင်း၊ အလားတူပင် တရားဥပဒေစိုးမိုးမှု ရှိမှ လွတ်လပ်ပြီး ကျင့်ဝတ်လိုက်နာကာ မိမိ ကိုယ်ကိုထိန်းကျောင်းနိုင်သည့် မီဒီယာများ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း။
စုံစမ်းဖေါ်ထုတ်ရေးသားသည့် သတင်းစာပညာသည် အကျင့်ပျက်ခြစားမှု၊ အလွဲသုံးစားပြုမှုနှင့် ဥပဒေဆန့်ကျင်လုပ်ကိုင်မှုများကို ဖော်ထုတ်အရေးယူရာတွင် များစွာ အထောက်အကူပြုပါကြောင်း၊ သို့သော် ထိုသို့ရေးသားသည့် သတင်းသမားသည် သန့်ရှင်းသော လက်ဖြင့် ထိုသတင်းများကိုရေးသားရန် အလွန်အရေးကြီးပါကြောင်း။
မိမိတို့နိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပေါ်ထွန်းရန် ကြိုးပမ်းခဲ့စဉ်တုန်းက မီဒီယာများသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါကြောင်း၊ ယခု မိမိတို့နိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိနေပြီဖြစ်ပြီး စိန်ခေါ်မှုများစွာ တွေ့ကြုံနေရပါကြောင်း၊ ဤစိန်ခေါ်မှုများကိုကျော်လွားပြီး ဒီမိုကရေစီပန်းတိုင်ကို အရောက် ရှေ့ဆက်လျှောက်နိုင်ရန် မီဒီယာများက ဆက်လက်ကူညီပေးကြပါလို့ မေတ္တာရပ်ခံလိုပါကြောင်း၊ ယခုစကားဝိုင်းမှ မိမိတို့ နိုင်ငံအတွက် အကျိုးပြုမည့်ရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ထင်မြင်ချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေး ဖလှယ်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် USAID - PRLM မှ Chief of Party Mr. Robert La Mont က အမှာစကားပြောကြားသည်။
ဆွေးနွေးပွဲတွင် တရားရေးကဏ္ဍဘက်မှ မီဒီယာအတွက် သတင်းအချက်အလက် ထုတ်ပြန်နေမှုအခြေအနေ၊ တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေးအတွက် တရားရေးကဏ္ဍနှင့် မီဒီယာတို့ ထိတွေ့ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တရား ဥပဒေ စိုးမိုးမှုနှင့် သက်ဆိုင်သော သတင်းအစီအစဉ်များ ရေးသားထုတ်လုပ်ရာတွင် မီဒီယာများ၏ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးညွှန့် ရွှေနှင့် ဦးစိုးဘုန်းမြင့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တရားရေးဆိုင်ရာ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် မီဒီယာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


