တရားရုံးအဆင့်ဆင့်ရှိ အနေကြာသူ ဝန်ထမ်းများအား ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေရန် အစီအစဉ်မရှိဟုဆို

နေပြည်တော် ၂၃ ဇန်နဝါရီ

 

တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ အဆင့်ဆင့်သော တရားရုံးများမှ ဝန်ထမ်းများအား အခြားမြို့နယ်ရှိ တရားရုံးများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်းဖြင့် ၎င်းတို့တွင် နေထိုင်ရေး အခက်အခဲများ ဖြစ်ပေါ်စေမှာ ဖြစ်တဲ့အတွက် တရားရုံးအဆင့်ဆင့်ရှိ အနေကြာသူ ဝန်ထမ်းများအား သင့်တင့်သောအချိုးဖြင့် အသုတ်လိုက် ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေရန် အစီအစဉ်မရှိပါကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမင်းအောင်မှ ပြောကြားလိုက်ပါတယ်။

 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဦးမြစိန်၏ တရားရုံးအဆင့်ဆင့်ရှိ တရားသူကြီးမဟုတ်သော ဘီလစ်စာရေးများ၊ ရှေ့ဖတ် စာရေးများ၊ ရုံးအကူများမှာ အနေကြာသူ ဝန်ထမ်းများဖြစ်၍ သင့်တင့်သောအချိုးဖြင့် အသုတ်လိုက် ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

 

တရားရုံးအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်နေတဲ့ အချို့ ဘီလစ်စာရေးများ၊ ရှေ့ဖတ်စာရေးများ၊ ရုံးအကူ အများစုအနေနဲ့ ဌာနေဝန်ထမ်းများအဖြစ် ၎င်းတို့တာဝန်ကျရာ တရားရုံးများမှာ အငြိမ်းစားယူသည့် အချိန်အထိ မပြောင်းရွှေ့ရဘဲ တာဝန်ထမ်းဆောင်ရသည်ကို တွေ့ရပြီး ထိုသို့ မပြောင်းရွှေ့ရသည့်အတွက် ဒေသခံများနှင့် ရင်းနှီးမှုဖြင့် တရားသူကြီးနှင့် ပြည်သူ အမှုသည်များအကြား ပေါင်းကူသဖွယ်ဖြစ်နေ၍ မလိုလားအပ်သော ပြဿနာများ၊ မလျော်ကန်သော လွှမ်းမိုးမှုများ ပေါ်ပေါက်နေသည်ကို တွေ့ရသည့်အတွက် မေးမြန်းရခြင်းဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြစိန်က ပြောပါတယ်။

 

 

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကိုယ်စား ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမင်းအောင်မှ ပြန်လည်ဖြေကြားရာမှာတော့ ယခုလက်ရှိတွင်လည်း တိုင်းဒေသကြီး ပြည်နယ်များ၌ လုပ်ငန်းလိုအပ်ချက်အရလည်းကောင်း၊ ရာထူးတိုးမြှင့်ပေးသည့် အခါတွင်လည်းကောင်း၊ အခြားအဆင့် ဝန်ထမ်းများကို သင့်တော်ရာဒေသရှိ တရားရုံးများသို့ ပြောင်းရွှေ့နေရာချထား ဆောင်ရွက်လျက်ရှိတယ်လို့ ပြောပါတယ်။

 

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ လက်ခံရရှိထားသည့် စာရင်းအရ ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင် ၁၉ ဦး၊ ကယားပြည်နယ်တွင် ၃ ဦး၊ ကရင်ပြည်နယ်တွင် ၃၂ ဦး၊ ချင်းပြည်နယ်တွင် ၁၀ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၁ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၅ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၆ ဦး၊ မကွေးတိုင်းဒေသကြီးတွင် ၁၃ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၈၆ ဦး၊ မွန်ပြည်နယ်တွင် ၁၂ ဦး၊ ရခိုင်ပြည်နယ်တွင် ၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၆၅ ဦး၊ ရှမ်းပြည်နယ်တွင် ၄ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၃၇ ဦးတို့ကို ပြောင်းရွှေ့နေရာချထား တာဝန်ထမ်းဆောင်စေခဲ့တယ်လို့လည်း ပြောပါတယ်။

 

 

အဆင့်ဆင့်သော တရားရုံးများမှာ ဝန်ထမ်းအိမ်ရာများ မရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများအား ထိုသို့ပြောင်းရွှေ့စေခြင်းအားဖြင့် အခက်အခဲရှိမည် မဟုတ်သော်လည်း အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအား အခြားမြို့နယ်ရှိ တရားရုံးများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်းဖြင့် ၎င်းတို့တွင် နေထိုင်ရေး အခက်အခဲများ ဖြစ်ပေါ်စေမှာ ဖြစ်တဲ့အတွက် တရားရုံးအဆင့်ဆင့်ရှိ အနေကြာသူ ဝန်ထမ်းများအား သင့်တင့်သောအချိုးဖြင့် အသုတ်လိုက် ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

မျိုးထက်ဦး(MDN)