နေပြည်တော် ဧပြီ ၂၉
တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများတရားစီရင်ရေး အထောက်အကူပြုအဖွဲ့ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက်၉နာရီတွင် ရုံးအမှတ်-၁၀၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများ တရားစီရင်ရေးအထောက် အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ အပါအဝင် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များက Online ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာမှုခင်းများ တရားစီရင်ရေးအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ၂၀၂၀ ပြည့်နှစ်ကစ၍ ကိုဗစ်-၁၉ ရောဂါကြောင့် တရားရုံးများ အပြည့်အဝရုံးထိုင်စစ်ဆေး နိုင်ခဲ့ခြင်းမရှိခဲ့သဖြင့် စစ်ဆေးဆဲ အမှုများကြန့်ကြာမှုမရှိစေရန်၊ ပြစ်မှုကျူးလွန်ခံရမှုကြောင့် ထိခိုက်နစ်နာသူများ နစ်နာမှုမရှိစေရန်၊ တရားစွဲဆို ခံထားရသူများ၏ အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရန်အတွက် တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများ တရားစီရင်ရေးအထောက် အကူပြုအဖွဲ့ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ် ၃၄၀/၂၀၂၁ ဖြင့် ဖွဲ့စည်းခဲ့ပြီး အထောက်အကူပြုလုပ်ငန်းအဖွဲ့နှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်တရား စီရင်ရေးဆိုင်ရာ ကိစ္စရပ်များပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့တို့ကို ထပ်မံဖွဲ့စည်း၍ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ တရားစီရင်ရေးတွင် ဝင်ရောက်စွက်ဖက်ရန် မဟုတ်ဘဲ တရားရုံးများ၌ စစ်ဆေးဆဲပြစ်မှုဆိုင်ရာ မှုခင်းများကို မြန်ဆန်၊ မှန်ကန်စွာဖြင့် စစ်ဆေးစီရင်နိုင်ရန်အတွက် လိုအပ်သည့်ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၁ခုနှစ်ဖေဖော်ဝါရီ (၁) ရက်မှစ၍ ဆူပူအကြမ်းဖက်မှုဖြစ်စဉ် များနှင့် ဆက်စပ်ပြီး အရေးယူထားသည့်အမှုများအနက် သီးသန့်တရားရုံးထိုင်၍ စစ်ဆေးဆဲအမှုများ၊ အကြမ်းဖက်မှုနှင့်ဆက်စပ်၍ ကျူးလွန်ခဲ့သည့် ပြစ်မှုများကို သီးသန့်တရားရုံးဖြင့် စစ်ဆေးသင့်သည့် အမှုများ၊ အချုပ်တရားခံ ၂ နှစ်နှင့်အထက်ကြန့်ကြာနေသည့် ရာဇဝတ်မှုများ၊ ထူးခြားထင်ရှားသော အမှုများကို ဦးစားပေးအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပါကြောင်း။
တရားရုံးစစ်ဆေးဆဲအမှုများကို တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် ၁၄ ရုံး၊ ခရိုင်တရားရုံး ၁၁၄ ရုံး၊ မြို့နယ်တရားရုံး ၃၀၈ ရုံးနှင့် သီးသန့်တရားရုံး ၁၈၉ ရုံး၊ စုစုပေါင်း ၆၂၅ ရုံးဖြင့် တရားစီရင်ရေး လုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာတွင် တရားစွဲအဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဥပဒေရုံးများနှင့် တရားရုံးများတွင် တွေ့ရှိရသည့် အားနည်းချက်များအပေါ် အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများကို သုံးသပ်ဆွေးနွေးခဲ့ပြီး ပထမအဆင့်ရည်မှန်းချက်အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ သတ်မှတ်၍ တရားရုံးစစ်ဆေးဆဲ မှုခင်းများအား ရာနှုန်းပြည့်နီးပါး ပြီးပြတ်အောင်ဆောင်ရွက် နိုင်ခဲ့ကြောင်းနှင့် ဒုတိယအဆင့်ရည်မှန်းချက်ကာလကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ သတ်မှတ်၍ ကျန်ရှိသည့်အမှုများ ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များအနေဖြင့် စီမံချက်ရေးဆွဲ ဆောင်ရွက်၍ အဖွဲ့ဝင်များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်နှင့် လိုအပ်သည့် အကြံဉာဏ်များကို ဖြည့်စွက်ဆွေးနွေးပေးပါရန် ပြောကြားသည်။
ဆက်လက်၍ တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာ မှုခင်းများတရားစီရင်ရေး အထောက်အကူပြု အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက စတင်ဖွဲ့စည်းခဲ့သည့် ၂၀၂၁ခုနှစ်နိုဝင်ဘာ(၈) ရက်မှစတင်၍ တရားရုံးစစ်ဆေးဆဲအမှု အရေအတွက်များ၊ လစဉ် တရားရုံးများမှ အပြီးသတ်အမိန့်ချမှတ်ခဲ့သည့်အမှုများ၊ လစဉ် တရားရုံးများသို့ ထပ်မံစွဲတင်ခဲ့သည့် အမှုများနှင့် လက်ကျန်အမှုများကို ကျန်ရှိသည့်ကာလများတွင် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် Online ဖြင့် တက်ရောက်သည့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်များက တင်ပြဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဒုတိယအဆင့် ရည်မှန်းချက်ကာ လဖြစ်သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်တွင် ကျန်ရှိသည့် တရားရုံးစစ်ဆေးဆဲအမှုများကိုစစ် ဆေးစီရင်ရာတွင် လျာထားစီမံချက်ပါအတိုင်း ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ပူးပေါင်းဆောင် ရွက်ကြရန်နှင့် တွေ့ကြုံလာသည့် အခက်အခဲများအပေါ် ဝိုင်းဝန်း ပူးပေါင်းညှိနှိုင်း ဖြေရှင်းကြရန်၊ ဌာနဆိုင်ရာအဖွဲ့အစည်းအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်