ဥပဒေအတွေးရေးပါရစေ အပိုင်း (၁၇၀)
ဦးဟန်ညွန့် (ဥပဒေ)
၂၀၁၈ ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ ထွက်ပေါ်လာပါသည်။ တရားရေးနှင့် စပ်လျဉ်း၍ စိတ်ပါဝင် စားသူတိုင်း တရားရုံး နှစ်စဉ်အစီရင်ခံစာကို လေ့လာကြရသည်။ တစ်နှစ်ထက်တစ်နှစ်တိုးတက်မှု၊ ကျဆင်းမှု စသည်များ ဝေဖန်ကြရသည်။ သုံးသပ်ကြရသည်။ အားသာမှု၊ အားနည်းမှုများ၊ ရှေ့လုပ်ငန်းစဉ်များ ပိုင်းခြားကြ ရသည်။ တရားရုံးနှစ်စဉ်အစီရင်ခံစာများက တရားရုံး၏ တန်ဖိုးများကို ထောက်ပြသည်။ တရားရုံး၏ တန်ဖိုးများကိုသိချင်လျှင် နှစ်စဉ်အစီရင်ခံစာမှာ ရှာဖွေကြရမည်ဟု ဆိုချင်သည်။
တရားသူကြီးချုပ်၏ ဥယျောဇဉ်
“ယခုနှစ် ၂၀၁၈ အစီရင်ခံစာသည် သမိုင်းမှတ်တိုင်များဖြင့်ပြည့်နှက်နေသည်။ နိုင်ငံပေါင်း ၄၀ ကျော် တက်ရောက်သော ညီလာခံကို အိမ်ရှင်မြန်မာက လက်ခံကျင်းပနိုင်ခဲ့ပြီ။ သတင်း အချက်အလက်အစီအစဉ် တိုးချဲ့ဆောင်ရွက်နိုင်ပြီ။ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် စတင်နိုင်ပြီ။ အမှုပြီးပြတ်မှု ၉၈ ရာခိုင်နှုန်း တိုးတက်ပြီ” ဟု ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်း ဦးက ဥယျောဇဉ်ပြုသည်။
ခေတ်အဆက်ဆက် တရားသူကြီးချုပ်များ
ထူးထူးခြားခြား ယခုနှစ်မော်ကွန်းထိုးဖော်ပြချက်မှာ ခေတ်အဆက်ဆက် တရားသူကြီးချုပ်များ၏ အမည်၊ တာဝန်ထမ်းခဲ့သော ကာလများကို ဓာတ်ပုံများနှင့် တင်ပြနိုင်ခြင်းဖြစ်သည်။ မည်သို့မည်ပုံ တရားရေးစနစ် ပီပြင်စွာ ဆောင်ရွက်ခဲ့ပုံအကျဉ်းကို တစ်ဦးချင်းအလိုက် မဖော်ပြနိုင်သော်ငြား သူ့ခေတ်သူ့အခါက တရားသူကြီးချုပ်များ၏ ဂုဏ်ရည်ကို တမ်းတသတိရဖွယ်၊ လေးစားဖွယ်၊ မော်ကွန်းထိုး ဖွယ်ဖြစ်စေမှာ အသေအချာပါ။ သမိုင်းသစ် တရားရေးတာဝန်ထမ်းနေသော လူငယ်မောင်မယ်များ သတိပွားစရာ ဖြစ်ပါစေ ခင်ဗျာ။
တရားရုံး၏ တန်ဖိုးများ
(၁) သာတူညီမျှမှုနှင့် တရားမျှတမှု
(၂) တရားစီရင်ရေးလွတ်လပ်မှုနှင့် ဂုဏ်သိက္ခာရှိမှု
(၃) လက်လှမ်းမီနိုင်မှု
(၄) မြန်ဆန်ထိရောက်မှုနှင့် အချိန်မီဆောင်ရွက်နိုင်မှုဖြစ်ကြောင်း အစီရင်ခံစာကို မီးမောင်းထိုးပြသည်။
ဘယ်အဆင့်လဲ (၁) မြန်မာနိုင်ငံ၏ အမြင့်ဆုံးတရားရုံးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်။ (၂) ဒုတိယ အမြင့်ဆုံးတရားရုံးက တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ(၁၄) ရုံး (၃) ဒုတိယ အနိမ့်ဆုံး တရားရုံးက ခရိုင်တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတရားရုံးများ (၇၄) ရုံး (၄) မူလရုံး က မြို့နယ်တရားရုံးများ (၃၃၀)ရုံး၊ ဥပဒေအရ တည်ထောင်သော အခြားတရားရုံးများ (၂၂)ရုံးဘယ်အဆင့်လဲ၊ ဘာတာဝန်လဲ၊ ဘာလုပ်ပိုင်ခွင့်လဲ၊ ဘာ စီရင်ပိုင်ခွင့်လဲ ဟူသော မေးခွန်းကို အသေအချာဖြေတတ်ဖို့၊ ဖြေနိုင်ဖို့၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးအာဏာ (၃)ရပ်က ပေါက်ဖွားလာပုံကို သဘောပေါက်ဖို့ တာဝန်ရှိသူတွေကို ဤအစီရင်ခံစာ စာမျက်နှာ(၉)က သတိပေးထားသည်။ သတိပြု၊ ဂရုပြု၊ အလေးအနက်ပြုစေလိုသည်။ သိပြီးသား၊ နားလည်ပြီးသား၊ အပိုတွေပါလားဟု လူငယ်များ အမှတ်မမှား စေလိုပါ။ အဖြေမှန်ကို ရှာကြံစေချင်ပါသည်။
အမြင့်ဆုံးအာဏာပိုင်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေး စနစ်တစ်ခုလုံး၏ အမြင့်ဆုံးအာဏာပိုင်ဖြစ်သည်။ လက်အောက်ခံ တရားရုံးအားလုံးကို စီမံအုပ်ချုပ်ရန်နှင့်ကြီးကြပ်ရန် တာဝန်ရှိသည်။
(စာ-၁၅)
ဤအချက်က ဤအစီရင်ခံစာ၏ အဓိကအသက်ပါပဲ။ အမြင့်ဆုံးအာဏာပိုင်၏ တာဝန်တွေကို မကွယ်မဝှက်ထောက်ပြထားတာပါ။ လုပ်ရမည့်အလုပ်တွေပါ။ တာဝန်ကျေ၊ မကျေအဖြေထုတ်ဖို့ပါ။
အမှုပြီးပြတ်မှုနှုန်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ပြက္ခဒိန်နှစ်အလိုက်အမှုပြီးပြတ်မှုနှုန်းကို ဇယား(၁)နှင့် ဖော်ပြသည်။ ယခင်နှစ်ထက်၁၆ ဒသမ ၆ ရာခိုင်နှုန်း စွဲဆိုလျှောက်ထားမှု ပိုမိုများပြားခဲ့သည်။ အမှုပြီးပြတ်မှု ယခင်နှစ်ထက် ၃၆ ရာခိုင်နှုန်း ပိုမိုများပြားသည်။ရာဇဝတ်မှုများတွင် အမှုပြီးပြတ်မှုနှုန်း အမြင့်ဆုံးမှာ ချင်းပြည်နယ်တရား လွှတ်တော်ဖြစ်သည်။
တရားမမှုများတွင် အမှုပြီးပြတ်မှုနှုန်းမှာ မွန်ပြည်နယ်တရားလွှတ်တော်ဖြစ်သည်။ ခရိုင်တရားရုံးများ၏ အမှုပြီး ပြတ်မှုနှုန်းမှာ စွဲသည့်အမှု၃၇၂၂၂ ဖြစ်သည်။ ပြီးပြတ်မှု ၃၄၂၆၇ ဖြစ်သည်။ ပြီးပြတ်မှုသည်ယခင်နှစ်ထက် ၁၄ ရာခိုင်နှုန်း ပိုမိုများပြားသည်။မြို့နယ်တရားရုံးများ၏ အမှုပြီးပြတ်မှုနှုန်းမှာ ၉၈ ရာခိုင်နှုန်း ဖြစ်ပါသည်။ နေ့ချင်းပြီးစစ်နိုင်သည့် အမှုလျော့နည်းသွားသည့်အတွက် ပြီးပြတ်မှု လျော့နည်းခဲ့ခြင်းဖြစ်သည်။
ရေးကြီးရာဇဝတ်မှုများ
၂၀၁၈ ခုနှစ်အတွက် မြို့နယ်၊ ခရိုင် တရားရုံးများသို့ စွဲဆိုခဲ့သည့် အရေးကြီးရာဇဝတ်မှုများမှာ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှု၊ လူကုန်ကူးမှု၊ ယာဉ်မတော်တဆ မှုများဖြစ်သည်။ ရာဇဝတ်မှု အမှုပေါင်း ၂၉၇၃၂၇ ရှိသည်။
အမှုအများဆုံး တိုင်းဒေသကြီး/ပြည်နယ်များ
ရန်ကုန်တိုင်းဒေသကြီးသည် လူသတ်မှုအများဆုံး၊ ရှမ်းပြည်နယ်သည် မူးယစ်ဆေးဝါးမှုအများဆုံး၊ လူကုန်ကူးမှုအများဆုံးမှာလည်း ရှမ်းပြည်နယ်ပင်ဖြစ်သည်။ ယာဉ်မတော်တဆမှုကြောင့် လူသေမှုအများဆုံးမှာ မန္တလေးတိုင်းဒေသကြီးဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် မုဒိမ်းမှုအများဆုံး။ သက်ငယ်မုဒိမ်းမှုမှာ ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဟု အစီရင်ခံစာတွင် ဖော်ပြသည်။
သက်ငယ်မုဒိမ်းမှုလျော့ဖို့
သက်ငယ်မုဒိမ်းမှုများ လျော့ပါးစေရန် ကလေးသူငယ်အခွင့်အရေး အပြည့်အဝရဖို့လိုသည်။ စီမံဆောင်ရွက် ဖို့လိုသည်။ အရွယ်မရောက်သေးသော ကလေးသူငယ်များအပေါ် အဓမ္မပြုကျင့်သော တရားခံများအား အလားတူ မကျူးလွန်ဝံ့စေရန်ထိရောက်ဟန့်တား၊ ကြီးလေးသော ပြစ်ဒဏ်ချမှတ်ရန်òန်ကြားခဲ့ကြောင်း အစီရင် ခံစာပါ (စာ-၇၁) တွင် ဖော်ပြသည်။
တရားမမှုပြီးပြတ်မှုနှုန်း
တိုင်းဒေသကြီး / ပြည်နယ်/ ခရိုင်တရားရုံးများတွင်ရာဇဝတ်မှုခင်း စစ်ဆေးပြီးပြတ်မှုနှုန်း ကောင်းမွန်သည်။ တရားမမှုခင်းစစ်ဆေး ပြီးပြတ်မှုနှုန်းမှာ လျော့ကျလျက်ရှိသည်။ တရားမမှုများ စွဲဆိုတင်ပို့မှု ယခင်ကထက် ပိုမိုများပြားလာသည်။ များပြားသည့် အမှုအရေအတွက်နကျပှ်င့် အမှုစစ်တရားသူကြီး အင်အားမျှတမှု မရှိ။ တရားရုံးဝန်ထမ်းအင်အား မလုံလောက်ခြင်းတို့ကြောင့် ဖြစ်သည်။ မှုခင်းစီမံခန့်ခွဲသည့် အစီအစဉ်၊ စေ့စပ် ဖြေရှင်းရေး အစီအစဉ်များဖြင့် ဆက်လက်ဆောင်ရွက မည်ဖြစ်သည်။
တိုင်စာ
အစီရင်ခံစာကာလအတွင်း တိုင်ကြားစာပေါင်း ၃၂၉၄ စောင်ရရှိသည်။ တရားစီရင်ရေးလမ်းကြောင်းအရ ဆောင်ရွက်ရန် ၁၈၂၃ စောင်၊ မမှန်ကန်သည့်တိုင်စာ ၁၄၃၃ စောင် ဖြစ်သည်။ ဥပဒေလုပ်ထုံးမလိုက်နာခြင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေကိုလိုက်နာရန် ပျက်ကွက်ခြင်း၊ တရားစီရင်ရေးကျင့်ဝတ်ဖောက်ဖျက်ခြင်း တိုင်စာ (၂) စောင်ကိုအရေးယူခဲ့သည်။ တရားရေး အရာရှိ၊ တရားသူကြီး ၁၀၉ ဦး၊ ရုံးဝန်ထမ်း ၅၈ ဦး စုစုပေါင်း ၁၆၇ ဦးတို့အား ဝန်ထမ်းပြစ်ဒဏ်ချမှတ်ခဲ့သည်။
လေ့ကျင့်သင်ကြားရေး
တရားသူကြီးများ၏ အရည်အသွေးပြည့်ဝမှုအတွက်စွမ်းဆောင်ရည်တိုးတက်ဖို့ စဉ်ဆက်မပြတ်အားထုတ်ခဲ့ သည်။ လေ့ကျင့်သင်တန်းပေးခဲ့သည်။ ဥပဒေရေးရာအင်္ဂလိပ်စာ သင်တန်း၊ တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုလက်လှမ်းမီရေး၊ မျှတသည့်တရားစီရင်ရေးစံနှုန်းများ၊ လူ့အခွင့်အရေးသင်တန်း များ၊ တရားရုံးက ဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးစနစ်၊ သက်သေခံအမျိုးအစားအသစ်များကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်၊ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အကောင်အထည်ဖော်ရေး၊ တရားရုံးစစ်တမ်းကောက်ယူရေး၊ အစီအမံများဆောင်ရွက်ခဲ့သည်။
သတင်းအချက်အလက်ဆောင်ရွက်ချက်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် လိုအပ်သည့်တရားစီရင်ရေးဆိုင်ရာ သတင်းအချက်အလက်များ၊ ဓာတ်ပုံများစုစည်းပြင်ဆင်ပေးပို့ ဆောင်ရွက်ခဲ့သည်။ လက်ရှိကျင့်သုံးနေသော သမားရိုးကျအမှု လက်ခံ ဆောင်ရွက်သည့် စနစ်အစား မြန်ဆန်သောစနစ် ပြောင်းလဲအစားထိုးကျင့်သုံးရန် ဆောင်ရွက် လျက်ရှိသည်။ Website နှင့် e-Government အစီအစဉ်တိုးတက်မြင့်မားရေးကိုလည်း စီမံဆောင်ရွက်နေပါသည်။
ရှေ့နေရှေ့ရပ်များလိုင်စင်လျှောက်ထားခြင်း
လိုင်စင်လျှောက်သည့်ကိစ္စမှာ ကာလအတန်ကြာ အဆင်မပြေသေး။ အခက်အခဲမျိုးစုံတွေ့ကြုံနေကြဆဲ။ “ရှေ့နေလိုင်စင်ကဏ္ဍ” လွှင့်တင်ခြင်းဖြင့် အခက်အခဲများပြေလည်စေမည်ဟုမျှော်လင့်ရသည်။
သတင်းပြန်ကြားရေးအရာရှိ
အစီရင်ခံကာလအတွင်း သတင်းမီဒီယာများနှင့် ၃၂၁ ကြိမ်တွေ့ဆုံခဲ့ပြီးပြီ။ ယခုထက် ပိုမိုပွင့်လင်းမြင်သာ လွယ်ကူစွာ သတင်း မီဒီယာကဏ္ဍဆောင်ရွက်နိုင်ပါစေကြောင်း တရားရုံးနှင့်ပြည်သူဆက်ဆံရေး (တရားရုံးကို ကြောက်စရာမလိုဟူသော ပြည်သူ့အမြင် ကြည်လင်စေရေး) ပိုမိုဆောင်ရွက်နိုင်ရန်အကြံပြုအပ်သည်။
ဥပဒေဆိုင်ရာအခွင့်အရေးများရရှိရေး
ပြစ်ဒဏ်ကျခံရသူများ၊ အချုပ်ခံနေရသူများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများခံစားနိုင်ရေး၊ အမှုများစစ်ဆေးရာတွင်ကြန့်ကြာမှု မရှိစေရေးအတွက်ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများသည် အကျဉ်းထောင် ခြောက်ခုသို့ လည်းကောင်း၊ တိုင်းဒေသကြီး^ပြည်နယ်အဆင့်များက ရဲတပ်ဖွဲ့အချုပ် စခန်း ၁၉၆ ခု၊ အကျဉ်းထောင် ၄၈ ခု၊ ရဲဘက်စခန်း ၂၀ တို့အားလည်းကောင်း သွားရောက်စစ်ဆေးခဲ့သည်။ ဤ ဆောင်ရွက်ချက်သည် လွန်စွာ အရေးကြီးသည်ဟု ခံယူသည်။
ဥပဒေအခွင့်အရေး၊ အမှုမကြန့်ကြာရေးများအတွက် လက်တွေ့ကျကျ၊ ပွင့်လင်းမြင်သာဆောင်ရွက် သင့်ကြောင်းနှင့် သတင်းမီဒီယာများမှတစ်ဆင့် ပြည်သူသို့အစီရင်ခံမှု ပိုမိုဆောင်ရွက်သင့်ကြောင်း အကြံပြုအပ် သည်။ ကွင်းဆင်းစစ်ဆေးသည့်နေ့တွင်မှ ဆောင်ရွက်တင်ပြခြင်းထက် လက်တွေ့နေ့စဉ်ဘဝများ၊ အဖြစ်မှန် များအပေါ် တိတိကျကျအရေးယူဆောင်ရွက်ခြင်း၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ရသင့် ရထိုက်သော အခွင့်အရေးများပုံမှန်ခံစားနိုင်ရေး အလေးပေးဆောင်ရွက်သင့်ပါသည်။ သင့်လျော်သော အစီအမံများဆောင်ရွက်ပုံဖော်ပြသင့်ပါသည်။
ကလေးသူငယ်ကာကွယ်ခြင်း
ကလေးသူငယ်ကာကွယ်ခြင်းနှင့် ကလေးသူငယ်တရား စီရင်ခြင်းအပါအဝင် အများပြည်သူစိတ်ဝင်စားသည့် ကိစ္စများ အတွက် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း အစီအစဉ်ကို ဦးစားပေးအဆင့်(၁) သတ်မှတ် ထားသော်လည်း ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါ
သတင်းအချက်အလက်ရပ်ရွာအခြေပြုအစီအစဉ်
အများပြည်သူ အထောက်အကူပြုအစီအစဉ်များ ဆောင်ရွက်ခြင်း၊ အထောက်အကူပြု အစီအစဉ်များအတွက် လမ်းညွှန်းချက်များ ပြုစုခြင်း၊ တရားရုံးစနစ်၊ တရားစီရင်ရေး ကဏ္ဍနှင့် တိုင်ကြားသည့်လုပ်ထုံးလုပ်နည်း စသည် များအတွက်အများပြည်သူ အထောက်အကူပြုအစီအစဉ်ဆိုင်ရာ စာရွက်စာတမ်းများပြုစုခြင်းနှင့် စီမံ ဆောင်ရွက်ခြင်းတို့အတွက်ဆောင်ရွက်နိုင်ခြင်းမရှိပါ။ မြှင့်တင်ဆောင်ရွက်ရမည့်ကိစ္စရပ်များဖြစ်ပါသည်။
အရပ်ဘက်လူမှုအဖွဲ့အစည်းများ
တရားစီရင်ရေးနှင့် အကျိုးသက်ဆိုင်သည့် အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအား တရား စီရင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးရန်တွေ့ဆုံခြင်း ဆောင်ရွက်ခြင်း မရှိပါ။သီးသန့်မှုခင်းကိစ္စများနှင့် စပ်လျဉ်း၍ဌာနဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း(ဥပမာ)-ကလေး သူငယ်တရားစီရင်ရေးကိစ္စရပ်များ ဆောင်ရွက်ခြင်းမရှိပါ။
တိုင်ကြားစာလက်စွဲ
တိုင်ကြားစာစိစစ်ရေးလုပ်ငန်းစဉ် လက်စွဲပြုစုခြင်းမှာ အဓိကဦးစားပေးအဆင့်(၁)အဖြစ် သတ်မှတ်ထားသော်လည်း ဆောင်ရွက်နိုင်ခြင်းမရှိပါ။
ကျွမ်းကျင်မှုစံနှုန်းများ
တရားသူကြီးများအတွက် ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုစံနှုန်းများနှင့် လမ်းညွှန်ချက်များရေးဆွဲခြင်း ဆောင်ရွက်နိုင်ခြင်းမရှိသေးပါ။
တရားရုံးဝန်ထမ်းများအတွက် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုစံနှုန်းများနှင့် လမ်းòန်ချက်များရေးဆွဲခြင်းကိုဦးစားပေးအဆင့် (၁)သတ်မှတ်ထားသော်လည်း ဆောင်ရွက်နိုင်ခြင်းမရှိသေးပါ။
အများပြည်သူများပါ သိရှိရေး
တရားရုံးနှင့် ပတ်သက်နေသူများသာမက အများပြည်သူများကပါ ပွင့်လင်းမြင်သာစွာ သိရှိဖတ်ရှုနိုင်ဖို့၊ တရားစီရင်ရေး ဆိုင်ရာ အရည်အသွေးသိမြင်နိုင်ဖို့ ၂၀၁၈ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာပေါ်ထွက်လာခြင်းပါ။ လက်လှမ်းမီသမျှ၊ ဆက်စပ်သမျှသာ ကောက်နုတ်တင်ပြရခြင်းပါ။
စေတနာ
(၁) ဝေဖန်အပြစ်ပြောရတာလွယ်ပါသည်။
(၂) လက်တွေ့ကျင့်ဖို့၊ အကောင်အထည်ဖော်ဖို့တော့ခက်ခဲတတ်ပါသည်။ သို့သော်ငြား...။
(၃) စေတနာဖြင့် အခက်အခဲပြေလည်တန်ရာသည်ဟုယုံကြည်မိသည်။ ပန်းတိုင်မပျောက်၊ ခရီးရောက်မှာပါ။
(၄) တရားရုံးများ၏ တန်ဖိုးများမြင့်မား ဂုဏ်တင့်ပါစေ ကြောင်း တွေးခေါ်မိသော ကျွန်တော်၏စေတနာ ဥပဒေအတွေး မျှသာပါ...။