ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ၊ အမျိုးသားတရားစီရင်ရေး အကယ်ဒမီတို့အကြား ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာ အရ “တရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းအစီအစဉ်”သို့  တတိယအကြိမ်အဖြစ် သင်တန်းသား (၄၀)စေလွှတ်

နေကြည်တော် ဧပြီ  ၁၅


အိန္ဒိယနိုင်ငံ၊ မတ်ဒရာပရာဒက်ရှ်ပြည်နယ်၊ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေး အကယ်ဒမီ (National Judicial Academy-NJA) တွင် ဧပြီ  ၁၇ ရက် မှ ၂၀ ရက်အထိ တတိယအကြိမ်မြောက်အဖြစ် ဖွင့်လှစ်မည့် “တရားသူကြီးများနှင့် တရားရေး အရာရှိများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းအစီအစဉ်” သို့တက်ရောက်ရန် ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် တရားရုံးအဆင့်ဆင့်ရှိ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တရားသူကြီးများ၊ တရားရေးအရာရှိများပါ၀င်သည့် သင်တန်းသား (၄၀) သည် ယနေ့နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှအိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားသည်။

သင်တန်းသားများသည် အဆိုပါသင်တန်း၌ အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အိန္ဒိယနိုင်ငံတရားစီရင်ရေးစနစ်၊ တရားသူကြီးကျင့်ဝတ်၊ စီရင်ချက်ရေးသားခြင်း၊ တရားရုံး စီမံခန့်ခွဲမှု၊ သက်သေခံဥပဒေ၊ တရားရုံးနည်းပညာ၊ တရားမနှင့် ရာဇဝတ်ဥပဒေများ၊ ဥပဒေ ရေးရာဆေးပညာ၊ တရားမကျင့်ထုံး ဥပဒေနှင့်တရားမမှု စစ်ဆေးခြင်း၊ အခြားနည်းလမ်းဖြင့် အငြင်းပွားမှု ဖြေရှင်းခြင်းတို့ကို လေ့လာသင်ယူခွင့် ရရှိကြမည့်အပြင်၊ လေ့လာရေးခရီးအဖြစ် အိန္ဒိယနိုင်ငံ၊ ဘိုပါးမြို့ရှိ ယဉ်ကျေးမှုပြတိုက်၊ တိုင်းရင်းသားများပြတိုက်၊ လှေလှော် အသင်းနှင့် ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ပုထိုးတော်ကြီး တည်ရှိရာနေရာဘိုပါး၊ ဆန်းချီမြို့သို့လည်းကောင်း သွားရောက် လေ့လာခွင့် ရရှိမည်ဖြစ်သည်။

အဆိုပါ သင်တန်းအစီအစဉ်သည် ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ၊ အမျိုးသားတရားစီရင်ရေး အကယ်ဒမီတို့အကြား ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးထား သည့် မြန်မာနိုင်ငံမှ တရားသူကြီးများနှင့် တရားရေးအရာရှိများအား အိန္ဒိယနိုင်ငံသို့စေလွှတ်၍ သင်တန်းပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာအရ စေလွှတ်ခြင်းဖြစ်ပြီး၊ ယခုတတိယအကြိမ်မြောက် သင်တန်းအပါအဝင် စုစုပေါင်းသင်တန်းသား ၁၂၀  စေလွှတ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ 
သတင်းစဉ်