တရားထိုင်ခြင်းဆိုတဲ့ အလေ့အကျင့်ဟာ ကောင်းကျိုးတွေအများကြီးပေးနိုင်တယ်ဆိုတာ လေ့လာ သိရှိပြီး တဲ့နောက် လူအများကြားမှာ ပိုပြီးခေတ်စားလာပါတယ်။ တကယ်တော့တရားထိုင်ခြင်း meditation ဆိုတာ စိတ်ကို အာရုံစုစည်းပြီး မိမိကိုယ်ကိုနဲ့ ပတ်ဝန်းကျင်ကို ပိုပြီး ကိုယ့်ဖာသာ သတိထား မိအောင်လုပ်ခြင်းပါပဲ။ တရား ထိုင်ခြင်းကပေးတဲ့ ကောင်းကျိုးတွေကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်။

 

 (၁) စိတ်ဖိစီးမှုကို လျော့ကျစေတယ်။

 

ဒီအချက်ဟာ အနောက်နိုင်ငံတွေက လူတွေအပါအဝင် လူအများအပြားကို တရားထိုင်ဖို့ဆွဲဆောင်နိုင်တဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ချက်ပါပဲ။ ပုံမှန်အားဖြင့်ဆိုရင် လူတွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါ ကော်တီစောလို့ခေါ်တဲ့ ဟော်မုန်းဓာတ် တစ်မျိုး ထွက်ပါတယ်။ အဲဒီဟော်မုန်းကြောင့် ခီမိုကိုင်းအစရှိတဲ့ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို ဆက်တိုက် ထွက်လာစေပါတော့တယ်။ အဲဒီအခါ အိပ်မရတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ပူပန်မှုများတာ၊ သွေးတိုးတာ၊ အားအင်ကုန်ခမ်း မောပန်းတာနဲ့ ဘာမှတွေးမရ အာရုံ စိုက်မရဖြစ်တာတွေ ကြုံရစေပါတယ်။ လေ့လာတွေ့ရှိမှုတွေအရ တရားထိုင်တဲ့သူတွေမှာတော့ ဒီလိုဓာတ်ပစ္စည်း တွေထုတ်လွှတ်မှုကို နည်းစေပါသတဲ့။

 

 (၂) စိတ်ပူပန်စိုးရိမ်စိတ်ကို လျော့ကျစေတယ်။

 

စိတ်ဖိစီးမှုနည်းတဲ့အခါ စိတ်ပူပန်မှုကျတာ အံ့သြစရာတော့မရှိပါဘူး။ လူတွေနဲ့ တွေ့ဆုံဆက်ဆံရမှာကို ကြောက်တဲ့ ရောဂါ social phobia ၊ OCD လို့ လူအများစုသိကြတဲ့ စိတ်စွဲရောဂါနဲ့ panic attack လို့ခေါ်တဲ့ ကြောက်စိတ် လွန်ကဲပြီး ရှော့ခ်ရတတ်တဲ့ ရောဂါလက္ခဏာတွေကို တရားထိုင်ခြင်းက လျော့ကျစေပါတယ်။ ယောဂ ဆော့ခြင်းဟာ တရားထိုင်ခြင်းနဲ့ ကိုယ်ကာယလှုပ်ရှားမှုကို ပေါင်းစပ်ထားတဲ့အလေ့အကျင့်တစ်ခုဖြစ်ပြီး ယောဂ ကျင့်ခြင်းက စိုးရိမ်မှုတွေကိုလျော့ကျစေပါတယ်။ ဖိစီးမှုများတဲ့ လုပ်ငန်းခွင်ကလူတွေကို စိုးရိမ်ပူပန်မှု လျော့ကျအောင် တရားထိုင်ခြင်းက ကူညီပေးနိုင်ပါတယ်။

 

 (၃) စိတ်ကိုနေထိုင်ကောင်းစေတယ်။

 

တရားထိုင်ခြင်းဟာ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုမြင်တဲ့ အမြင်ကိုပိုကောင်းစေတဲ့အပြင် ဘဝကို အပေါင်း လက္ခဏာဘက်က ပိုရှုမြင်တတ်စေပါတယ်။ လူပေါင်းလေးထောင့်ခြောက်ရာကို ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုအရ mindfulness meditation ဆိုတဲ့ တရားထိုင်ခြင်းဟာ စိတ်ဓာတ်ကျရောဂါကို သက်သာစေ ကြာင်းတွေ့ရှိရပါတယ်။ နောက်ထပ်လေ့လာမှုတစ်ခုမှာ တရားထိုင်တဲ့သူတွေနဲ့ တရားမထိုင်တဲ့ သူတွေရဲ့ ဦးနှောက်က လျှပ်စစ်လှိုင်းတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ အပေါင်း မြင်အတွေးနဲ့ အကောင်းမြင်စိတ်နဲ့ ဆိုင်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေမှာ မတူညီတဲ့ ပြောင်းလဲမှု တွေကို တွေ့ခဲ့ရပါတယ်။

 

(၄) အသက်အရွယ်ကြောင့်ဖြစ်တတ်တဲ့ မေ့လျော့ခြင်းကို လျော့နည်းစေတယ်။

 

အာရုံစူးစိုက်မှုနဲ့ စဉ်းစားဆုံးဖြတ်ရာမှာ ပြတ်သားကြည်လင်ခြင်းတွေဟာ ယေဘုယျအားဖြင့် ငယ်ရွယ်စဉ်မှာပဲ ရရှိတတ်တာပါ။ ဒါပေမယ့် လေ့လာမှုဆယ့်နှစ်ခုအရ တရားထိုင်ခြင်းဟာ အာရုံစူးစိုက်မှု၊ ဉာဏ်ရည်နဲ့ လျင်မြန်စွာ ဆုံးဖြတ်နိုင်စွမ်းကို တိုးတက်စေ‌ကြောင်းတွေ့ရပါတယ်။ အသက် အရွယ်ရလို့ ပုံမှန်မေ့လျော့ခြင်းတွေအပြင် dementia လို့ ခေါ်တဲ့ ပြင်းပြင်းထန်ထန် မေ့လျော့တဲ့ လူနာတွေမှာလည်း တရားထိုင်ခြင်းက အကျိူးများစေပါ တယ်။

 

(၅) ကြင်နာယုယမှု ပေါ်ထွန်းစေတယ်။

 

တရားထိုင်ခြင်းက မိမိကိုယ်ကိုသာမက ပတ်ဝန်းကျင်ကလူတွေအပေါ်ပါ အကောင်းမြင်တဲ့စိတ်ထားနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ရပ်တွေ ဖြစ်ထွန်းစေပါတယ်။ ကြင်နာယုယမှု၊ ခွင့်လွှတ်မှုတွေကို ဖြစ်ပေါ်စေပြီး အိမ်ထောင်ရေးအငြင်းပွားမှု နဲ့ ဒေါသထိန်းသိမ်းခြင်းကိုလည်း တိုးတက်စေတယ်လို့ သုတေသနတွေအရ သိရပါတယ်။

 

 (၆) အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးစွဲလန်းခြင်းကို လျော့နည်းစေတယ်။

 

တရားထိုင်တဲ့အခါ ကိုယ့်ကိုယ်ကို  စိတ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေချမှတ်ရတဲ့အတွက် ကိုယ့်ကိုယ်ကို ထိန်းသမ်းနိုင်စွမ်းတိုးတက်လာစေပါတယ်။ သုတေသနတွေအရ တရားထိုင်ခြင်းဟာ လူတွေရဲ့ အာရုံကို စုစည်းစေပြီး စိတ်စွမ်းအင်ကိုတိုးမြှင့်စေကာ မိမိရဲ့ စိတ်ခံစားချက် စိတ်လှုပ်ရှားမှု တွေကို ထိန်းချုပ်နိုင်ပြီး မကောင်းမှုတွေကို စွဲလန်းနေခြင်းရဲ့အကြောင်းတရားတွေကို ကိုယ့်ကိုယ်ကို ပိုမြင်လာစေပါတယ်။မူးယစ်ဆေးစွဲလန်းသူတွေမှာဖြစ်တတ်တဲ့ ယင်းထခြင်းနဲ့ ယင်းထခြင်းကြောင့် ဖြစ်တတ်တဲ့ ဖိစီးမှုတွေကိုလည်း ပိုပြီးလျော့နည်းလာစေပါတယ်။

 

 

ရေးသားသူ Dr. Seinn Moe Satt

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”