သတင်းဆောင်းပါး - မိမိုးအေး(ဘားအံတက္ကသိုလ်)
ဝါဆိုလပြည့်နှင့် ဓမ္မစကြာ
ဝါဆိုလပြည့် အခါသမယနေ့ကို “သန္ဓေ တောထွက် ဓမ္မ စက်'လို့ ကျွန်မတို့အလွယ်တကူပဲ မှတ်သားထားပါတယ်။ ဗုဒ္ဓရဲ့ ဒီဖြစ်စဉ်သုံးခုလုံး ဝါဆိုလပြည့်နေ့မှာ ဖြစ်ခဲ့တာပါ။ အဲဒီ လပြည့်နေ့မှာ ဗုဒ္ဓလောင်းလျာ ပဋိသန္ဓေ ယူပါတယ်။ အရာအားလုံးကိုစွန့်ပြီး တောထွက်ခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။ ဘုရားအဖြစ်ရောက်ပြီး ပထမဆုံး ဓမ္မစကြာ တရားကို ဟောခဲ့တာလည်း ဝါဆိုလပြည့်နေ့ပါပဲ။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေက ဒီလပြည့်နေ့ကို အလေးအမြတ် ထားကြတာဖြစ်ပါတယ်။
လောကမှာရတနာသုံးပါးထဲကဘုရားရတနာပထမ ဦးဆုံးပေါ်လာပြီးနောက် ဒုတိယရတနာဖြစ်တဲ့ တရားရတနာ ပေါ်ပေါက်ခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။ အလောင်းတော်ဘဝမှာ အစွန်းရောက်တဲ့ ဒုက္ကရစရိယအကျင့်ကို ကျင့်ကြံနေတုန်းက သူ့ကိုစောင့်ရှောက်လုပ်ကိုင်ပေးခဲ့တဲ့ ရသေ့ငါးဦးကို ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ ဗုဒ္ဓက ဟောကြားခဲ့တာဖြစ်ပါတယ်။ ဒီရသေ့ငါးဦး ဖြစ်ကြ တဲ့ ရှင်ကောဏ္ဍည၊ ရှင်ဝပ္ပ၊ ရှင်ဘဒ္ဒိယ၊ ရှင်မဟာနာမ်၊ ရှင် အဿဇိတို့ဟာ ဗုဒ္ဓကိုယ်တိုင် သိမြင်ခဲ့တဲ့ တရားထူးကို အရင်ဆုံးကြားနာခွင့်ရကြသူတွေဖြစ်ပြီး သံဃာရတနာ အဖြစ် ပေါ်ထွက်လာသူတွေပဲဖြစ်ပါတယ်။
ဝါဆိုလပြည့်နေ့မှာ ဗုဒ္ဓက မ္မစကြာတရားကို ဟောခဲ့တာကြောင့် ဒီလပြည့်နေ့မှာ 'ဓမ္မစကြာသုတ်'ကို အထူး တလည် ရွတ်ဖတ်ပူဇော်ကြပြီး မြန်မာနိုင်ငံမှာတော့ 'ဓမ္မ စကြာ အခါတော်နေ့'လို့လည်း ခေါ်ဆိုကြပါတယ်။ ဒီတရားတော်ဟာ ဘုရားအဖြစ်ရောက်ရှိပြီး အစပိုင်း ဖြစ်စဉ်တွေကို ဖော်ပြထားတဲ့ ဝိနယမဟာဝဂ္ဂထဲက 'ပဉ္စဝဂ္ဂိယ ကထာ'မှာ ပါရှိပါတယ်။ 'မ္မစက္ကပဝတ္တနသုတ္တ' ဆိုတဲ့ နာမည်နဲ့ကတော့ 'မဟာဝဂ္ဂသံယုတ်'မှာ ပါရှိပါ တယ်။ 'ဓမ္မစက္ကပဝတ္တန'ရဲ့ အဓိပ္ပာယ်ကတော့ 'တရားတည်းဟူ သောစက်ကိုလည်စေခြင်း'လို့ ဖြစ်ပါတယ်။ ဓမ္မစကြာ သုတ်မှာ အဓိကအချက် သုံးချက်ရှိတယ်လို့ ကျွန်မ နားလည်သဘောပေါက်ပြီး မှတ်သားမိပါတယ်။
ပထမအချက်က လမ်းမှားဖြစ်တဲ့ အစွန်းတရားနှစ်ပါးကို ရှောင်ကြဉ်ဖို့ပါ။ ဒုတိယအချက်ကတော့ လိုက်နာ ဆောင်ရွက်ရမယ့် အလယ်နည်းလမ်းပါ။ တတိယအချက် ကတော့ သိရမယ့် သစ္စာ လေးပါးပါ။
ရဟန်းတွေ ကျင့်ကြံအားထုတ်တဲ့နေရာမှာ အစွန်းတရား နှစ်ပါးဖြစ်တဲ့-ကာမဂုဏ်တွေမှာ ပျော်ပါးပြီး အားထုတ်တဲ့ အစွန်းတရား(ကာမသုခလ္လိကာနုယောဂ)နဲ့ မိမိကိုယ်ကိုယ် ပင်ပင်ပန်းပန်းနဲ့ အားထုတ်တဲ့ အစွန်းတရ (အတ္တကိလမထာနုယောဂတွေကို ရှောင်ရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းနှစ်ခုလုံးဟာ လျော့လွန်း၊ တင်းလွန်းတာကြောင့် တရားထူးကို မရစေဘူးလို့ ဗုဒ္ဓက ဆိုပါတယ်။
မဂ္ဂရှစ်ပါး
ဒီနည်းလမ်းနှစ်ခုလုံးကို ပယ်ပြီးရင် ကျင့်သုံးရမယ့် နည်းလမ်းကို ဗုဒ္ဓက တစ်ဆက်တည်းပဲ ပြောခဲ့ပါတယ်။ အဲဒါကတော့ မလျော့လွန်းမတင်းလွန်းတဲ့ 'မဇ္ဈိမပဋိပဒါ' လို့ခေါ်တဲ့ အလယ်လမ်းစဉ်ပါပဲ။ ဒီလမ်းစဉ်မှာ လိုက်နာ | ကျင့်သုံးရမယ့် အချက် (၈)ချက် ပါ ပါတယ်။ အဲဒါတွေ ကတော့ -
၁။ မှန်ကန်စွာမြင်ခြင်း (သမ္မာဒိဋ္ဌိ)
၂။ မှန်ကန်စွာကြံခြင်း (သမ္မာသင်္ကပ္ပ)
၃။ မှန်ကန်စွာစကားကိုပြောဆိုခြင်း(သမ္မာဝါစာ)
၄။ မှန်ကန်စွအလုပ်ကိုပြုလုပ်ခြင်း (သမ္မာကမ္မ)
၅။ မှန်ကန်စွာအသက်မွေးမြူခြင်း (သမ္မာအာဇီဝ)
၆။ မှန်ကန်စွာအားထုတ်ခြင်း (သမ္မာဝါယာမ) ။
၇။ မှန်ကန်စွာအောက်မေ့အမှတ်ရခြင်း (သမ္မာသတိ)
၈။ မှန်ကန်စွာ စိတ်ကိုထားခြင်း (သမ္မာသမာဓိ)တို့ပဲဖြစ်ပါတယ်။
ဒီအတိုင်း လိုက်နာကျင့်ကြံဆောင်ရွက်တာဟာ မှန်ကန်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။
မဖောက်မပြန် မှန်ကန်တဲ့ သစ္စာ(၄)ပါးကိုသိဖို့လည်း ဗုဒ္ဓကထပ်ပြီး ရှင်းပြပေးခဲ့ပါတယ်။ အဲဒါတွေကတော့ ဆင်းရဲခြင်းအမှန်တရား(ဒုက္ခသစ္စာ)၊ ဆင်းရဲဖြစ်ကြောင်း အမှန်တရား(သမုဒယသစ္စာ)၊ ဆင်းရဲချုပ်ကြောင်းအမှန် တရား(နိရောဓသစ္စာ၊ နိဗ္ဗာန်)နဲ့ ဆင်းရဲချုပ်ကြောင်း ကျင့်စဉ်အမှန်တရား (မဂ္ဂသစ္စာ) တို့ပဲ ဖြစ်ပါတယ်။
ဗုဒ္ဓရဲ့ တရားဦးဓမ္မစကြာမှာပါတဲ့ အချက်တွေထဲက ပထမဆုံးအချက်အပေါ် ကျွန်မရဲ့ အမြင်လေးကို မျှဝေ လိုပါတယ်။ ဒီနေရာမှာတော့ဗုဒ္ဓက နိဗ္ဗာန်ရောက်ဖို့အတွက် ကျင့်ကြံအားထုတ်ရာမှာ အစွန်းမရောက်ဖို့ ပြောကြားခဲ့တာပါ။ ပုထုဇဉ်တွေဖြစ်တဲ့ ကျွန်မတို့အဖို့ သံသရာမှာ ကျင်လည်နေကြရဦးမှာပါ။ နိဗ္ဗာန်ဆိုတာ မရောက်နိုင် သေးခင် သံသရာမှာ ကျင်လည်နေတဲ့ အခိုက်အတန့်မှာ တစ်ဖက်စွန်းရောက်တာတွေကို ရှောင်ရမယ်လို့ မြင်မိပါတယ်။
ကျွန်မတို့ရဲ့ လူ့အဖွဲ့အစည်းမှာ အစွန်းရောက် သမားတွေ နေရာတိုင်းမှာ ရှိနေတတ်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး ဘယ်နေရာမှာမဆို ရှိနေတတ်ပါတယ်။ အစွန်းရောက်တာတွေဟာ သံသယတွေ၊ ပဋိပက္ခတွေး မငြိမ်းချမ်းမှုတွေ စတဲ့ ဆိုးကျိုးတွေကို ဖန်တီးပေးသလို ဖြစ်စေပါတယ်။ နည်းပညာထွန်းကားတဲ့ ဒီနေ့အိုင်တီခေတ်ကြီးထဲမှာ ဆိုရှယ်မီဒီယာကနေတစ်ဆင့် အစွန်းရောက်တဲ့၊ ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေ တင်ကြ တယ်၊ ဖွကြတယ်။ ဒါကို ယုံတဲ့သူတွေကလည်း ယုံကြ တယ်၊ နောက်ဆက်တွဲ ပြဿနာတွေ မပြီးဆုံးနိုင်အောင် ဖြစ်ကြတယ်။
အမှန်အတိုင်းမြင်သည့်ဝါဒ
ကျွန်မ ဉာဏ်မီသလောက်ဆိုရင် ဗုဒ္ဓဝါဒဟာ အကောင်းမြင်ဝါဒ (Optimism)လို့လည်း ယူဆလို့ မရသလို အဆိုးမြင်ဝါဒ(Pessimism) သက်သက်လည်း မဟုတ်ပါဘူး။ အမှန်ကိုအမှန်အတိုင်း မြင်တဲ့ ယထာဘူတ အမြင် (Realizm)သာ ဖြစ်ပါတယ်။ ကျွန်မ အမြင်ကိုပြောရရင် ဗုဒ္ဓက အရာအားလုံးကို အကောင်းမြင်တဲ့စိတ်၊ အဆိုးမြင်တဲ့စိတ်နဲ့ မကြည့်ဘဲ တကယ့်အမှန်တရားကိုသာ ကြည့်ပါတယ်။ အဆိုးထဲကအကောင်းကို ထုတ်ယူတာ သာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ အမြင်ဟာ အစွန်းနှစ်ခုကလွတ်တဲ့ အမြင်လို့ ကျွန်မက ယူဆမိပါတယ်။
တကယ်တော့ အရာအားလုံးကို ကျွန်မတို့ အမှန် အတိုင်း မြင်နိုင်ဖို့ အရေးကြီးပါတယ်။ ခုတော့ ကျွန်မတို့ တွေဟာ ချစ်ရင် အကောင်းမြင်ပေးကြပြီး၊ မုန်းရင်တော့ အဆိုးမြင်တတ်ကြပါတယ်။ တကယ့် အမှန်တရားကိုတော့ ချစ်ခြင်း၊ မုန်းခြင်းတွေကြောင့် မမြင်နေကြပါဘူး။ ချစ်ခြင်း၊ မုန်းခြင်း အစွန်းတရားကို ရှောင်ပြီး အမှန်အတိုင်းမြင်ဖို့ လိုအပ်ပါတယ်။ အရှိအတိုင်း အမှန်အတိုင်း မြင်မှလည်း တရားမျှတမှုရှိမယ်။ ငြိမ်းချမ်းမှုရှိမှာပါ။ ဒီအချက်ကို ကျွန်မတို့ ကောင်းကောင်းကြီး သတိထားမိဖို့ အရေးကြီး ပါတယ်။
ဘယ်အဖွဲ့အစည်းမှာပဲ ဖြစ်ဖြစ် ချစ်ခြင်း၊ မုန်းခြင်း ဆိုတဲ့ အစွန်းတရားတွေနဲ့ ဆောင်ရွက်ကြမယ်၊ ဆုံးဖြတ် ကြမယ်ဆိုရင်တော့ မညီမျှမှုတွေ ဖြစ်လာပါမယ်။ မညီမျှ တာတွေကြောင့် သွေးကွဲကြပါလိမ့်မယ်။ သွေးကွဲကြ တာကြောင့် စည်းလုံးညီညွတ်မှုတွေ ပြိုကွဲကြပါလိမ့်မယ်။ ပြိုကွဲသွားတာကြောင့် ပျက်စီးကြပါတော့မယ်။ ကြောက် စရာ ကောင်းလွန်းတဲ့ ဆင့်ကဲဖြစ်စဉ်တွေပါပဲ။ ဒါကို ကျွန်မ တို့ သတိမူကြရပါမယ်။
အစွန်းရောက်ခြင်းကို ရှောင်ရမည်
ကျွန်မတို့အားလုံးရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရမယ့် ကိစ္စအဝဝကို လုပ်တဲ့အခါ ပြောတဲ့အခါ ကြံစည်တဲ့အခါ တွေမှာ အစွန်းရောက်တာကို တတ်နိုင်သမျှ ရှောင်ရှား ကြရပါမယ်။ ဒီလို အစွန်းရောက်တဲ့ အလုပ်၊ အပြော၊ အကြံအစည်တွေကို ရှောင်ပြီး အလယ်လမ်းစဉ်မှာ ဗုဒ္ဓလမ်းညွှန်ထားတဲ့ မှန်ကန်တဲ့ ကျင့်စဉ်ရှစ်ရပ်ကို ကျင့်သုံးဖို့ ကျွန်မတို့ ကြိုးစားဖို့လိုပါမယ်။ ဒါမှလည်း နိဗ္ဗာန်မရောက် နိုင်သေးခင် သံသရာမှာ လောကီကောင်းကျိုးကို ခံစားရရှိ နိုင်မှာပါ။ အစွန်းမရောက်တာဟာ ကိုယ်ရော သူတစ်ပါး ကိုပါ အကျိုးရှိစေပါတယ်။
နေ့စဉ်ဘဝမှာ ကျွန်မတို့ရဲ့ လုပ်ကိုင်ပြောဆို ကြံစည်မှုမှာ အစွန်းမရောက်ခဲ့ရင် အမှန်တရားတွေ ရှိလာမှာပါ။ အမုန်းတရားတွေ၊ အာဃာတတွေ၊ မညီမျှမှုတွေ၊ ဘက်လိုက်မှုတွေ၊ မတရားမှုတွေ၊ အနိုင်ကျင့်မှုတွေ၊ ဖိနှိပ်မှုတွေ၊ ကြောင့်ကြစိုးရိမ်မှုတွေ၊ ဆင်းရဲပင်ပန်းမှုတွေ၊ မနာလိုဝန်တိုမှုတွေ ဘာတစ်ခုမျှမရှိတော့ဘဲ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာပါ။ လူတိုင်း လူတိုင်း စိတ်အေးချမ်းမှုတွေနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့အတွက် စားဝတ်နေရေး၊ လူမှုရေး ကိစ္စရပ်တွေ အဆင်ပြေလာမှာပါ။ လောကမှာ စိတ်အေးချမ်းချမ်းနဲ့ အသက်ရှင် နေထိုင် နိုင်တာဟာ လောကနိဗ္ဗာန်ပဲ မဟုတ်ပါလားရှင်။
လူ့အဖွဲ့အစည်းကြီး ညီညွတ်ငြိမ်းချမ်းဖို့ အခြေခံ အရေးကြီးတဲ့ အချက်တွေ အများကြီး ရှိမှာပါ။ အဲဒီ အထဲ မှာ အစွန်းရောက်တဲ့ အတွေးအခေါ် အယူအဆတွေ မရှိဖို့ ကလည်း တစ်ခု အပါအဝင်ပါ။ အထူးသဖြင့် ထိလွယ် ရှလွယ်ပြီး အထိခိုက်မခံတဲ့ ကိစ္စရပ်တွေ၊ မလိုလားအပ်တဲ့ ပွတ်တိုက်မှုတွေ မဖြစ်ပေါ်စေဖို့အတွက် ညင်ညင်သာသာ ကိုင်တွယ်ဖို့၊ ပါးပါးနပ်နပ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အဲဒီလို ဆောင်ရွက်ဖို့ နည်းလမ်းကတော့ အစွန်းရောက် တာတွေကိုပယ်ပြီး အမှန်ကို အမှန်အတိုင်း မြင်ပြီး၊ အမှန်ကို အမှန်အတိုင်း သိရှိပြီး လုပ်ကိုင်ပြောဆို ကြံစည် ရမယ်ဆိုတာပါပဲ။ ကျွန်မတို့ အတူတူကြိုးစားပြီး လုပ်ကြည့်ကြပါစို့လားရှင်။
အစွန်းတရားတွေကို ရှောင်ပြီး အမှန်တရားကို ကျင့် သုံးတာဟာ ငြိမ်းချမ်းမှုတရ ဖြစ်ပါတယ်။ လူသား အားလုံး ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ အစွန်းတရားတွေနဲ့ ကင်းဝေးကြပါစေ။ အမှန်ကို အမှန်အတိုင်းမြင်ပြီး သာယာ အေးချမ်းကြပါစေကြောင်း ဝါဆိုလပြည့်အခါသမယမှာ မေတ္တာပို့သ ဆုတောင်းစကားဆိုလိုက်ပါတယ်ရှင်။ ။


