တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှု

နေပြည်တော် ၉ မတ်

 

တရားဥပဒေ စိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဤအဖွင့်မိန့်ခွန်း၌ နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ရှိရေးအတွက် ဆုပ်ကိုင်သင့် ဆုပ်ကိုင်ထိုက်သည့် သဘောထားခံယူချက်တို့နှင့် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည့် လုပ်ငန်းဆောင်တာတို့အပေါ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြခဲ့ပါသည်။

 

တရားသော ဥပဒေတို့ စိုးမိုးမှသာ နိ်ုင်ငံသူနိုင်ငံသားတို့ တည်ငြိမ်မှုနှင့် လုံခြုံမှုရှိမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တင်ပြသကဲ့သို့ ပြဋ္ဌာန်းထားသည့် တရားဥပဒေတို့ တရားမျှတမှုရှိခြင်း/မရှိခြင်းကို နိုင်ငံသူ နိုင်ငံသားတို့ကသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထောက်ပြခဲ့ပါသည်။ ပြဋ္ဌာန်းလိုက်သည့် ဥပဒေတို့က ပြည်သူလူထု၏ နေ့စဉ်ဘဝအပေါ် အကျိုးသက်ရောက်မှု ရှိစေနိုင်မှသာ တရားဥပဒေ စိုးမိုးမည်ဖြစ်ကြောင်းကိုလည်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ညွှန်ပြခဲ့ပါသည်။ တရားဥပဒေစိုးမိုးမှသာ နိုင်ငံတော်အတွင်း ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲနိ်ုင်မည် ဖြစ်ပြီး ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်လည်း တန်းတူရည်တူ ယှဉ်ပြိုင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်းတင်ပြခဲ့ပါသည်။ ၁၉၅၀ ပြည့်နှစ်လွန် ကာလများ၌ မြန်မာနိုင်ငံက ထုတ်ပြန်ခဲ့သည့် The Burma Law Report  တို့သည် စင်ကာပူနှင့် ဟောင်ကောင် တို့ကဲ့သို့သော နိုင်ငံတို့၏  Law Report  တို့နှင့် တန်းတူအဆင့်အတန်း ရှိခဲ့သည့် အစဉ်အလာကောင်းများ  ပြန်လည်ရှင်သန်ရေး ဆောင်ရွက်ရမည်ဟူသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ တိုက်တွန်းနှိုးဆော်ချက်ကို သက်ဆိုင်သူအားလုံးက အလေးအနက် နှလုံးသွင်း၍ ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

 

တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲများနှင့် ဟန်ချက်ညီညီ ပေါင်းစပ် လုပ်ကိုင်ရမည်ဟူသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှုကို သက်ဆိုင်ရာပုဂ္ဂိုလ် အဖွဲ့အစည်း အသီးသီးက အလုပ်လမ်းညွှန်အဖြစ် ခံယူ ကျင့်သုံးကြရမည် ဖြစ်ပါသည်။ တရားဥပဒေ စိုးမိုးရေးစင်တာတို့ကို မန္တလေးမြို့နှင့် လားရှိုးမြို့တို့မှသည် မြစ်ကြီးနားမြို့၊ ရန်ကုန်မြို့နှင့် တောင်ကြီးမြို့တို့အထိ တိုးချဲ့ ဆောင်ရွက်ခဲ့ခြင်းနှင့် နိုင်ငံတော်ရှေ့နေချုပ်ရုံးက မျှတသည့် တရားစီရင်ရေးစံနှုန်းများ  (Fair Trial Standards) စာအုပ်ထုတ်ဝေရန် စီစဉ်ခြင်းကဲ့သို့သော သတင်းကောင်းတို့ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူလူထုအား အသိပေးတင်ပြခဲ့ခြင်းသည် စိတ်အားတက်ကြွစရာ ကိစ္စရပ်များ ဖြစ်ပါသည်။ တရားဥပဒေ စိုးမိုးရေးဆောင်ရွက်ရာ၌ ရိုးရာအစဉ်အလာ ဓလေ့ထုံးစံတို့ကို မပစ်ပယ်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နှိုးဆော်သကဲ့သို့ ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည်မြှင့်တင်ရန် အရေးကြီးကြောင်း ထောက်ပြခဲ့ခြင်းတို့သည် သက်ဆိုင်ရာပုဂ္ဂိုလ် အဖွဲ့အစည်းတိုင်းက အလေးအနက်ထား သုံးသပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များ ဖြစ်ပါသည်။

 

အဂတိလိုက်စားမှုသည် တရားဥပဒေစိုးမိုးရေးအတွက် အဓိက အဟန့်အတားဖြစ်ပြီး ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ ဟူသော အကြောင်း တရားလေးပါးသည် အဂတိလိုက်စားမှု၏ ပင်ရင်းအကြောင်းတရားတို့ ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်းတင်ပြခဲ့ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဤအတွေးအခေါ်ကို နိ်ုင်ငံတော်ဝန်ထမ်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက အလေးအနက် လိုက်နာဆောင်ရွက်ပါက နိုင်ငံတော်အတွင်း တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။

 

(မြန်မာ့အလင်း)