ပြည်သူတို့၏ နေ့စဉ်လူမှုဘဝများ လုံခြုံရေး၊ ရပ်ရွာများ အေးချမ်း သာယာရေးတို့အတွက် တရားဥပဒေစိုးမိုးရန် လွန်စွာအရေးကြီးသည်။ ဤနေရာတွင် တရားဥပဒေ စိုးမိုးရေးသည် မှုခင်းကျဆင်းရေးပင်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှု အားကောင်းလေလေ မှုခင်းများ လျော့နည်း ကျဆင်းလေလေဖြစ်သည်။ ပြောင်းပြန်ရလဒ်အားဖြင့်မူ တရားဥပဒေစိုးမိုးမှု အားနည်းလေလေ အမှုအခင်းများပြားလေလေဖြစ်ပြီး လူ့အဖွဲ့အစည်း၏ တည်ငြိမ်အေးချမ်း မှုကို ထိခိုက်လာစေသည်။
မိမိတို့နေထိုင်ရာ ရပ်ရွာများ အေးချမ်းသာယာစေရန် တရားဥပဒေစိုးမိုးမှုကို ပြည်သူတိုင်းက အလိုရှိကြသည်။ ဒုစရိုက်သမားတို့မှလွဲလျှင် လူတိုင်းကဥပဒေ၏ အရိပ်အာဝါသအောက်တွင် လုံခြုံစိတ်ချစွာ နေထိုင်လိုကြ၊ ဝမ်းစာရှာဖွေလိုကြသည်။ ခိုးဆိုးနှိုက် လုယက်မှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူသတ်မှု၊ သက်ငယ်မုဒိမ်းမှု၊ လူကုန်ကူးမှု စသည့်ရာဇဝတ်မှုများ ထူပြောပြီး တရားဥပဒေ စိုးမိုးရေးအားနည်းသည့် အရပ်ဒေသမျိုးကို သာမန်ပြည်သူတို့ လိုလားနှစ်သက်ကြမည်မဟုတ်။ မှုခင်းများ လျော့နည်းကျဆင်းလာစေရန်မှာ ဥပဒေဘက်သား အဖွဲ့အစည်းများနှင့် ပြည်သူအားလုံးတို့တွင် ကဏ္ဍအလိုက် တာဝန်ရှိသလို စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ကြရန်လည်း လိုသည်။
“တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ ထိန်းသိမ်းကြပ်မတ်ရန် တာဝန်ရှိသူများအနေဖြင့် ကြပ်ကြပ်မတ်မတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မှုခင်းလျော့နည်းကျဆင်းရေး အတွက် လိုအပ်သည့် အသိပညာပေးမှုများကိုလည်း ဖိဖိစီးစီးဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ တာဝန်ယူထားသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန် အမှန်တကယ် အလုပ်လုပ်ကြရန် လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄) အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ တရားဥပဒေစိုးမိုးရေးနယ်ပယ်တွင် ရဲအရာရှိ၊ ဥပဒေအရာရှိ၊ တရားသူကြီးများ၊ အုပ်ချုပ်ရေးတာဝန်ရှိပုဂ္ဂိုလ်များ၏ အခန်းကဏ္ဍမှာ အရေးကြီးသည်။ တာဝန်ရှိပုဂ္ဂိုလ်များ၏ တာဝန်မကျေပွန်မှု၊ အမှန်တကယ်အလုပ်မလုပ်မှုတို့ ရှိနေမည်၊ ဖြစ်ပေါ်နေမည်ဆိုလျှင် မှုခင်းဖြစ်ပွားမှု များပြားလာမည်ဖြစ်ပြီး ရပ်ရွာအေးချမ်းသာယာမှု လျော့ကျလာမည်ဖြစ်သည်။ ပြည်သူလူထုအတွင်း၌လည်း မလုံခြုံမှုများ ခံစားလာကြရပြီး ဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများအပေါ် ယုံကြည်မှုကင်းမဲ့လာခြင်းမှတစ်ဆင့် အုပ်ချုပ်သူအာဏာပိုင် အဖွဲ့အစည်းများနှင့် အစိုးရအပေါ် ဝေဖန်ပြစ်တင်မှုများ ဖြစ်ပေါ်လာမည်ဖြစ်သည်။
တရားဥပဒေစိုးမိုးရေးသည် ရဲတပ်ဖွဲ့၊ ဥပဒေအရာရှိ၊ တရားသူကြီးများ၊ အာဏာပိုင် အဖွဲ့အစည်းများနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးနှင့်လည်း သက်ဆိုင်သည်။ ဥပဒေအရ နိုင်ငံသားအခွင့်အရေးများကို ရရှိထားသော၊ ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုကို ရရှိထားသော နိုင်ငံသားများဖြစ်သည်နှင့်အညီ တရားဥပဒေကို နားလည်ရန်နှင့် လိုက်နာ စောင့်ထိန်းရန် တာဝန်ရှိသည်။ ထို့အပြင် မိမိတို့နေထိုင်ရာ ရပ်ရွာများ အေးချမ်းသာယာရေး၊ လုံခြုံရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လည်း လိုအပ်သည်။ တရားဥပဒေစိုးမိုးရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူ၍ တရားဥပဒေ ဘက်တော်သား အဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာသည် နှင့်အမျှ မိမိတို့၏လူမှုအသိုက်အဝန်းများ၏ လုံခြုံမှုနှင့်အေးချမ်းသာယာမှုတို့ ပိုမိုမြင့်မား ကောင်းမွန်လာပါမည့် အကြောင်း။
မြန်မာ့အလင်း