တရားဥပဒေစိုးမိုးရေး ခိုင်မာအားကောင်းစေဖို့

၁ သြဂုတ်

 

၂၀ဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသည်မှာ ဆယ်စုနှစ်တစ်ခုဆီသို့ပင် ချဉ်းကပ်လာပြီဖြစ်သည်။ သို့ရာတွင် ဒီမိုကရေစီစနစ်၏အခြေခံဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် စပ်လျဉ်း၍မူ မချင့်မရဲ သံသယများစွာဖြင့် မေးခွန်းထုတ်နေရဆဲ။ မြန်မာ့လူ့ဘောင်တွင် တရားဥပဒေစိုးမိုးရေး ခိုင်မာအားကောင်းလာစေဖို့ သတိပေးနေရဆဲ၊  ကြိုးပမ်းအားထုတ်နေရဆဲ၊   အသိပညာပေးနေရဆဲ အခြေအနေမျှသာ။ ဆယ်စုနှစ်များစွာ အမိန့်၊ ညွှန်ကြားချက်များဖြင့်သာ ယဉ်ပါး ခဲ့ကြရသည့်အလျောက်  ဥပဒေနှင့်ပတ်သက်လာလျှင် သိနားလည်မှုတို့မှာလည်း  မပြည့်စုံမှု၊  လွဲမှားမှု၊  အုပ်စိုးသူတို့စွဲကိုင်သည့်  လက်နက်တစ်ခုအဖြစ် ဥပဒေကို ကြောက်ရွံ့မှုတို့ကသာ လွှမ်းမိုးနေခဲ့သည်။

 

စင်စစ်အားဖြင့် ဥပဒေဟူသည် လူတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်းတို့ တည်ငြိမ်အေးချမ်းစေရန်၊  တည်တံ့ခိုင်မြဲစေရန်၊ ဖွံ့ဖြိုးတိုးတက်စေရန်၊ စည်းစနစ်ကျနမျှတစေရန် ချမှတ်ထားသော  စည်းမျဉ်းစည်းကမ်းများ ပင်ဖြစ်သည်။ ဥပဒေက မည်သည့်အရာသည်မှန်၍ မည်သည်ကမှားကြောင်းကို တိကျစွာပြဆိုသည်။  မည်သည်တို့ကိုပြုလုပ်ရန်နှင့်  မည်သည်တို့ကို ရှောင်ကြဉ်ရန်လည်း  အသေးစိတ်ညွှန်ပြသည်။ ဥပဒေကို    ဖောက်ဖျက် ကျူးလွန်ပါက ပြစ်မှုနှင့်အညီ ကျခံရမည့်ပြစ်ဒဏ်များကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားသည်။ ဥပဒေသည်အထွတ်အထိပ်ဖြစ်၍ ဥပဒေ၏အထက်တွင် မည်သူမျှမရှိသော သဘောတရားအရ  တိုင်းသိပြည်သိ   ထုတ်ပြန်ထားသော၊ လူတိုင်းအပေါ်တန်းတူသက်ရောက်သော၊ လွတ်လပ်စွာစီရင်ပိုင်ခွင့်ရှိသော၊ လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီသောဥပဒေတို့ကို အားလုံးက လိုက်နာကြရသည်။ အားလုံးဟုဆိုရာတွင် လူပုဂ္ဂိုလ်အားလုံး၊ အစိုးရယန္တရားအားလုံး၊ ပုဂ္ဂလိကအဖွဲ့အစည်းအားလုံးတို့ အပါအဝင်ဖြစ်ပြီး အုပ်ချုပ်သည့်တာဝန်ရှိသူ အစိုးရများတွင်ရော အုပ်ချုပ်ခံပြည်သူများတွင်ပါ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ရှိရသည်။   သို့မှသာ  တရားဥပဒေစိုးမိုးသည့် လူ့ဘောင်ဟုဆိုနိုင်မည်။

 

တရားဥပဒေစိုးမိုးရေး ခိုင်မာအားကောင်းစေရန်အတွက် အုပ်ချုပ်သူ အစိုးရ၏အာဏာကျင့်သုံးမှုတွင်   အကန့်အသတ်ရှိရသည်။ တစ်နည်းအားဖြင့်    အာဏာရှင်အစိုးရမဖြစ်စေရ။ အဂတိလိုက်စားမှုတို့လည်း ကင်းစင်သန့်ရှင်းရမည်။ အုပ်ချုပ်ရေးစနစ်ကလည်း ပွင့်လင်းမြင်သာမှုရှိရမည်။ နိုင်ငံသူနိုင်ငံသားတို့၏ အခြေခံရပိုင်ခွင့်၊ နိုင်ငံသားအခွင့်အရေးများ ပြဋ္ဌာန်းရရှိပြီး ဖြစ်ရမည်။ လူ့အဖွဲ့အစည်းကလည်း  တည်ငြိမ်မှုနှင့်လုံခြုံ မှုတို့ရှိရမည်။ တရားမမှုနှင့် ပြစ်မှုဆိုင်ရာတရားရေးစနစ်တို့အပေါ် ယုံကြည် ကိုးစားမှုတို့လည်း ရှိနေရမည်။

 

အထက်ကဆိုခဲ့သည့်အချက်များနှင့် ဆန့်ကျင်စွာပင်   မိမိတို့နိုင်ငံ၌ အတိတ်က နှစ်ပေါင်းများစွာကြာမြင့်အောင် အာဏာကို ဥပဒေ၏အထက် တွင်ထား၍ ကျင့်သုံးခဲ့ခြင်း၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုတို့ ထူပြောခဲ့ခြင်း၊ အစိုးရယန္တရားအသီးသီးတွင်လည်း တာဝန်ယူမှုတာဝန်ခံမှု တို့အားနည်းခဲ့ခြင်း၊  လူ့အခွင့်အရေး၊   နိုင်ငံသားအခွင့်အရေးစံနှုန်းများ နိမ့်ကျခဲ့ခြင်း၊  တရားရေးစနစ်အပေါ် ယုံကြည်ကိုးစားမှုလျော့နည်းခြင်းတို့ကိုသာ   တွေ့ကြုံဖြတ်သန်းခဲ့ကြရခြင်းဖြစ်သည့်အလျောက် လက်ရှိအခြေအနေတွင်  ဥပဒေကိုစွဲကိုင်ကျင့်သုံးသူများရော  ပြည်သူများကပါ တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူမှု တာဝန်ခံမှုများဖြင့် ကြိုးပမ်း အားထုတ်ကြရဦးမှာဖြစ်သည်။

 

တရားဥပဒေစိုးမိုးရေးသည် ဒီမိုကရေစီစနစ်၏ မရှိမဖြစ်အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု  ဆိုခဲ့ပြီးဖြစ်သည်။ ပြဋ္ဌာန်းထားသည့် ဥပဒေတို့ကို ခေတ်နှင့်လျော်ညီစွာ၊ ခေတ်ကာလ၏တောင်းဆိုမှုများအတိုင်း ရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖြုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းတို့ဖြင့် ဥပဒေပြုခြင်းများကို ပြည်သူတို့ကရွေးချယ်တင်မြှောက်ထားသည့် လွှတ်တော်များက  ဆောင်ရွက်လျက်ရှိသည်။ ပြဋ္ဌာန်းထားသည့် ဥပဒေများကို လေးစားလိုက်နာကြပြီး  ထိထိရောက်ရောက်  အကောင်အထည်ဖော်ဆောင်ရွက်ကြမှသာ    ရှင်သန်သည့်ဥပဒေများအဖြစ် နိုင်ငံ့အကျိုး၊ နိုင်ငံသူနိုင်ငံသား    ပြည်သူများ၏အကျိုးတို့ကို    သယ်ပိုးနိုင်မည်ဖြစ် ပါကြောင်း။        ။

 

မြန်မာ့အလင်း