ညီညီမင်း (ထွေ/အုပ်)

 

ယမန်နေ့မှအဆက်


အထက်ပါ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ အရ လယ်ယာမြေကို တစ်ဦးချင်း၊ တစ်ယောက်ချင်းစီက အကွက်ရိုက်ပြီး လူနေထိုင်ရန် ရောင်းစားခြင်းများသည် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့် လုံးဝညီညွတ် မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ၏ ၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်စွဲပါ စာအမှတ်၊ ပထရ/ကော်မတီ(၂၅၂)/ ဦး ၁ အရ လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် မရှိဘဲ အခြားနည်းအသုံးပြု ဆောင်ရွက်နေမှုများသည် လယ်ယာမြေများ ဆုံးရှုံးမှုဖြစ်ပေါ်နိုင်သဖြင့် ခွင့်ပြုချက် မရှိဘဲ ကြိုတင်လုပ်ဆောင်၍ လယ်ယာမြေအား အခြား နည်းအသုံးပြုမှုအပေါ် ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း အပြင် ဥပဒေကြောင်းအရ ထိရောက်သည့် ပြစ်ဒဏ်ချမှတ် နိုင်ရေး ဆောင်ရွက်ရန်ဟု နိုင်ငံတော်သမ္မတက လမ်းညွှန် မှုပြုခဲ့သည့်အတွက် လိုက်နာရန် ညွှန်ကြားချက် ထုတ်ပြန် ခဲ့ပါသည်။


လယ်ယာမြေပေါ်ကျူးကျော်မှုများကို စောင့်ကြည့်


လယ်ယာမြေအပေါ် ကျူးကျော်မှုများ ခွင့်ပြုချက် မရှိဘဲ အခြားနည်းအသုံးပြုမှုများ၊ ခွင့်ပြုထားသော နည်းလမ်းအတိုင်း အသုံးပြုခြင်း ရှိ/ မရှိကို စစ်ဆေးရန် အဓိကတာဝန်ရှိသူများမှာ ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များပင် ဖြစ်ပါသည်။ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များတွင် သက်ဆိုင်ရာ ကွင်းတာဝန်ခံ မြေတိုင်းစာရေးများသည်သာ မည်သည့် နေရာသည် လယ်ယာမြေ၊ သစ်တောမြေ စသည်ဖြင့် ခွဲခြားသိရှိနိုင်စွမ်းရှိသူများသာ ဖြစ်ပါသည်။ ၎င်းတို့ကသာ လယ်ယာမြေပေါ်တွင် ကျူးကျော်မှုများကို တိတိကျကျ ခွဲခြားနိုင်စွမ်းရှိသူများသာ ဖြစ်ပါသည်။ ၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံမြေစာရင်းလက်စွဲ ဥပဒေပုဒ်မ (၁၀၆၀) တွင် မိမိစစ်ဆေးရန် တာဝန်ရှိသည့်ကွင်းများကို စစ်ဆေးမှုများ ပြုလုပ်ရန် ပြဋ္ဌာန်းထားရှိပါသည်။ ထိုသို့ စစ်ဆေးချိန်တွင် လယ်ယာမြေအပါအဝင် မြေအသီးသီးတွင် ကျူးကျော်မှု များ၊ ပြောင်းလဲမှုများ တွေ့ရှိပါက သက်ဆိုင်ရာ ကျေးရွာ အုပ်စု၊ မြို့နယ်၊ ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့် ဆင့်ထံ တင်ပြရမည်ဖြစ်ပါသည်။ ကျေးရွာအုပ်စု လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများသည် ဥက္ကဋ္ဌဖြစ်သည့်အတွက် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများသည် မိမိတို့ကျေးရွာအုပ်စုအတွင်း လယ်ယာ မြေပေါ် ကျူးကျော်မှုများကို စောင့်ကြည့်ရန် အဓိက တာဝန်ရှိသူများ ဖြစ်ပါသည်။


မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများဆိုသည်မှာ ယခင် က သီးစားခံယူလုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုး ကြောင့် စွန့်လွှတ်ထားသည့် သီးစားခံယူလုပ်ကိုင်သူ မရှိ သော စိုက်ပျိုးမြေကို မြေလွတ် မြေလပ်ဟုလည်းကောင်း၊ သစ်ပင်ဝါးပင်၊ ချုံနွယ်များ ပေါက်ရောက်လျက်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပထဝီမြေအနေအထားအရ မြေမျက်နှာညီညာမှုရှိသည်ဖြစ်စေ၊ မညီညာသည်ဖြစ်စေ တစ်ကြိမ်တစ်ခါမျှ စိုက်ပျိုးလုပ်ကိုင်ခဲ့ခြင်းမရှိသော မြေသစ်ဖြစ်သည့် မြေရိုင်းနှင့် တောရိုင်းမြေများကို ဆိုလို ပါသည်။ အဆိုပါမြေများကို ၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက် နေ့တွင် ပြဋ္ဌာန်းထားသော မြေလွတ် မြေလပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲရေးဥပဒေအရ စီမံခန့်ခွဲပါသည်။ ခွင့်ပြုထား သည့် မြေလွတ် မြေလပ်နှင့် မြေရိုင်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက် မရရှိဘဲ ပေါင်နှံခြင်း၊ ပေးကမ်း ခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်း (သို့မဟုတ်) ခွဲစိတ်ခြင်း မပြုရပေ။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့် အသုံးပြုခွင့် ရရှိထားသည့်မြေပေါ်သို့ ကျူးကျော်ပါက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ကိုင်ခွင့် အသုံးပြု ခွင့်ရရှိသူက ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်များ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ-၂၇ အရ တရားရုံးတွင် ကျူးကျော် သူကို တရားစွဲဆိုနိုင်ပါသည်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက တရားရုံးက ပြစ်မှုကျူးလွန်သူကို (၂) နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ (၅) သိန်းထက်မပို သော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ပြစ်ဒဏ် ချမှတ်နိုင်ပါသည်။


သစ်တောမြေဆိုသည်မှာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲပိုင် ခွင့်ရှိသောမြေတွင် ပါဝင်သောမြေ၊ ကြိုးဝိုင်းတော၊ ကြိုးပြင် ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ (ဘေးမဲ့တော၊ အမျိုးသားဥယျာဉ်၊ ပုပ္ပား/ အလောင်းတော် ကဿပ စသည့် ) အားလုံးကို သစ်တောမြေဟု ခေါ်ပါ သည်။ သစ်တောမြေကို ၂၀၁၈ ခုနှစ်၊ မြန်မာနိုင်ငံသစ်တော ဥပဒေပုဒ်မ ၅ နှင့် ၆ အရ စီမံခန့်ခွဲပါသည်။ ယင်းမြေကို နိုင်ငံတော်အကျိုးငှာ ကြိုးဝိုင်းတောနှင့် ကြိုးပြင်ကာ ကွယ်တောများကို ပယ်ဖျက်လိုပါက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၈ ခုနှစ်၊ မြန်မာနိုင်ငံ သစ်တောဥပဒေ ပုဒ်မ ၇ အရ သတ်မှတ်သည့် နည်းလမ်း အတိုင်း အသုံးပြုရန် ပယ်ဖျက်နိုင်ပါသည်။

 


သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်သူများကို တရားစွဲဆိုနိုင်

သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်သူများကို သစ်တောဦးစီးဌာနနှင့် ရဲတပ်ဖွဲ့က သစ်တောဥပဒေ ပုဒ်မ - ၄၀ / ၄၁ အရ တရားရုံးတွင် ပြစ်မှုကျူးလွန်သူကို တရားစွဲဆိုနိုင်ပါသည်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှား ပါက ပြစ်မှုကျူးလွန်သူကို ထောင်ဒဏ်(၃)နှစ်၊ ကျပ် (၃) သောင်းအထိ ငွေဒဏ်ချမှတ်နိုင်ပါသည်။ ကြိုးပြင်ကာကွယ် တောအတွင်း ကျူးကျော်သူကို သစ်တောဦးစီးဌာန၊ ရဲတပ်ဖွဲ့က သစ်တောနည်းဥပဒေ ပုဒ်မ - ၁၉ (က မှ ဆ) အရ တရားရုံးတွင် တရားစွဲဆိုနိုင်ပြီး ပြစ်မှုကျူးလွန် ကြောင်း ထင်ရှားပါက ထောင်ဒဏ် (၆) လ (သို့မဟုတ်) ငွေဒဏ် ကျပ်(၅၀၀ဝိ/-) (သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံးကို ချမှတ်နိုင်ပါသည်။ သဘာဝနယ်မြေ/ တိရစ္ဆာန်ဥယျာဉ်၊ ရုက္ခဗေဒဥယျာဉ် ကျူးကျော်သူများကို သစ်တောဌာနက ၁၉၉၄ ခုနှစ် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝသစ်ပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ - ၂၉/ ၃၀ အရ ထုတ်ပြန်ထားသော သစ်တော အရာရှိစီမံခန့်ခွဲရေးဆိုင်ရာ အမိန့်အရ ကျပ် (၅၀၀ဝိ/-)အထိ ဒဏ်ငွေပေးဆောင်စေရန် ဒဏ်တပ်ရိုက်နိုင်ပါသည်။
သုသာန်မြေဆိုသည်မှာ လူများကွယ်လွန်ပါက မြှုပ်နှံ/ သင်္ဂြိုဟ်ရန်အတွက် သုသာန်မြေများ သတ်မှတ်ပေးရန် လိုအပ်ပါသည်။ မြို့ (သို့မဟုတ်) ကျေးရွာများတွင် စည်ပင် သာယာမှ သတ်မှတ်ပေးထားသော သုသာန်မြေများ ရှိသကဲ့သို့ ပုဂ္ဂလိက (သို့မဟုတ်) ဘာသာကိုးကွယ်မှု အလိုက် သတ်မှတ်ထားသော သုသာန်မြေများလည်း ရှိပါ သည်။ သုသာန်မြေကို ၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံ မြေနှင့် အခွန်နည်းဥပဒေ ၅၆ အရ လည်းကောင်း၊ ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်နည်းဥပဒေ ၃၇ အရ လည်းကောင်းပြဋ္ဌာန်းထားပြီး ၁၉၉၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက် ရေးအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့များဥပဒေနှင့် အသစ် ပြဋ္ဌာန်းထားသော စည်ပင်သာယာရေးဥပဒေများအရ စီမံ ခန့်ခွဲပါသည်။ ယင်းမြေကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် အုပ်ချုပ်ရေးမှူးက သုသာန်မြေကို (၅)ဧကအထိ သတ်မှတ် ပေးနိုင်ပြီး သတ်မှတ်ပေးရမည့်မြေသည် မြေလွတ် မြေလပ်သာဖြစ်ရန် လိုပါသည်။ လိုအပ်သောမြေသည် လယ်ယာမြေဖြစ်ပါက လယ်ယာမြေဥပဒေ ပုဒ်မ-၃၀ အရ၊ သီးခြားအမှုတွဲဖွင့်၍ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီ၏ ခွင့်ပြုချက်ရယူရပါမည်။ သုသာန်မြေကို ဖျက်သိမ်းခြင်း၊ ဖျက်သိမ်းသည့် သုသာန်မြေကို အခြား နည်းဖြင့် အသုံးပြုခြင်းတို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်ပါသည်။


မြို့တော် စည်ပင်သာယာရေးကော်မတီပိုင်မြေဆို သည်မှာ စည်ပင်သာယာရေးကော်မတီနယ်မြေအတွင်း ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် မြေကွက်အသစ်များ ဖော်ထုတ်ပြီး ကုမ္ပဏီများ၊ ပုဂ္ဂလိကများအား မြေငှားဂရန် ချထားပေးခြင်းမှအပ အောက်ဖော်ပြပါ မြေအမျိုးအစား များအား စီမံခန့်ခွဲခြင်း မပြုရပါ -


(က) နိုင်ငံတော်ပိုင်မြေ၊


( ခ ) အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊


( ဂ ) အစိုးရဌာန၊ အဖွဲ့အစည်းပိုင်မြေ၊


(ဃ) အခွန်လွတ်သာသနာ့မြေနှင့် အခွန်လွတ် ဗဒ္ဓသိမ်မြေ၊


( င ) လယ်မြေနှင့် မြေလွတ်မြေရိုင်း။


မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်စွဲပါ စာဖြင့် ပြဋ္ဌာန်းထားရှိပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးမြေအတွင်း ကျူးကျော်သူများကို မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီက မန္တလေးမြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ - ၅၆(စ)၊ ၈၉၊ ၉၀၊ ၉၁၊ ၁၁၀ တို့အရ တရား စွဲဆိုနိုင်ပါသည်။ မည်သူမဆို ဤဥပဒေအရ ကော်မတီ ထုတ်ပြန်သည့် နည်းဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း (သို့မဟုတ်) လိုက်နာရန် ပျက်ကွက် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထောင်ဒဏ် (၁) နှစ်၊ ငွေဒဏ် (၅၀၀၀ဝိ/-)၊ (သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ပါသည်။ ပုဒ်မ- ၂၄ အရ ပြစ်ဒဏ်ချမှတ်ခြင်း ခံရသူသည် အဆိုပါနည်းဥပဒေကို ဆက်လက်၍ ဖောက်ဖျက်ကျူးလွန်လျှင် (သို့မဟုတ်) ပျက်ကွက်လျှင် ပုဒ်မ-၂၅ အရ ထပ်မံအရေးယူနိုင်ပြီး အနည်းဆုံး ငွေဒဏ် (၅၀ဝိ/-)မှ အများဆုံး ငွေဒဏ် (၅၀၀၀ဝိ/-) အထိ ချမှတ် နိုင်ပါသည်။ မည်သူမဆို ဤဥပဒေအရ ကော်မတီ ထုတ်ပြန်သည့် စည်းကမ်းတစ်ရပ်ရပ် (သို့မဟုတ်) အမိန့် တစ်ရပ်ရပ် (သို့မဟုတ်) ဖောက်ဖျက်ကျူးလွန်ကြောင်း (သို့မဟုတ်) လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင် ရှား စီရင်ခြင်းခံရလျှင် ပုဒ်မ - ၂၆ အရ ထောင်ဒဏ် (၃) လ၊ (သို့မဟုတ်) ငွေဒဏ် (၁၀၀၀ဝိ/-)၊ (သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ပါသည်။

 


လမ်းများပေါ်တွင် ကျူးကျော်မှုများ

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စည်ပင်သာယာ ရေးအဖွဲ့ပိုင်မြေများနှင့် လမ်းများပေါ်တွင် ကျူးကျော်မှု များကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် စည်ပင်သာယာရေးအဖွဲ့များ ဥပဒေပြဋ္ဌာန်းထားသဖြင့် သက်ဆိုင်ရာဥပဒေအရ အရေး ယူဆောင်ရွက်ရမည် ဖြစ်ပါသည်။
ရထားနယ်နိမိတ်ဆိုသည်မှာ ရထားပို့ဆောင်ရေး လုပ်ငန်းအတွက် လိုအပ်သည့် ဘူတာဧရိယာ၊ ရထားလမ်း အထက်အောက်ဝဲယာလွတ်ကင်းဧရိယာ၊ ရထားလုပ်ငန်း ဆိုင်ရာ စက်ရုံဧရိယာ၊ ရထားနှင့် သက်ဆိုင်သည့် လုပ်ငန်း များအတွက် လိုအပ်သည့် မြေဧရိယာများကို ဆိုသည်။ ရထားနယ်နိမိတ်ကို ၂၀၁၆ ခုနှစ်၊ ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေအရ စီမံခန့်ခွဲပါသည်။ ၂၀၁၆ ခုနှစ်၊ ရထား ပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ - ၄ (ဇ)အရ ရထားအဖွဲ့ အစည်း၏ ရထားနယ်နိမိတ်အတွင်းရှိ ရထားလုပ်ငန်း ဆိုင်ရာပစ္စည်းများကို ထိန်းသိမ်းခြင်းအတွက် လိုအပ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ရထား အဖွဲ့အစည်းများအား ရထားနယ်နိမိတ်အတွင်း ကျူးကျော် သည့်အဆောက်အအုံများကို ဖျက်သိမ်းခြင်း၊ ဖယ်ရှား ခြင်း၊ ကျူးကျော်ဝင်ရောက်သူကို တရားစွဲဆို အရေးယူ ခြင်းများကို ဆောင်ရွက်စေနိုင်ပါသည်။ ရထားနယ်နိမိတ် ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ မီးရထားက စီမံခန့်ခွဲပါသည်။ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ ပုဒ်မ ၈၉ အရ ရထားလမ်းတစ်လျှောက် ရထား လမ်းနယ်သတ်မှတ်ချက်မှာ ရထားလမ်း ဖို့မြေတာပေါင် ၏ ဝဲယာအစွန်ဆုံးအခြေမှ အနည်းဆုံးအကွာအဝေး သည် ၇၅ ပေစီ ဖြစ်ပြီး တူးသည့်မြေဖြစ်ပါက တူးမြေထိပ် မှ တစ်ဖက်တစ်ချက်သို့ အနည်းဆုံးအကွာအဝေးသည် ၇၅ ပေစီဖြစ်ပြီး သီးခြားသတ်မှတ်ထားသော ရထားလမ်း တစ်လျှောက်တွင် ဝဲယာအစွန်ဆုံး ရထားသံလမ်းမှ အနည်းဆုံးအကွာအဝေးသည် ပေ ၅၀ ဖြစ်သည်။


လမ်းနယ်နိမိတ်များ ပြုလုပ်ထား

လမ်းမကြီးဆိုသည်မှာ ၂၀၀၀ ပြည့်နှစ် လမ်းမကြီးများ ဥပဒေအရ ဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်းမကြီး အဖြစ် အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားသည့် လမ်းအားလုံးကို ဆိုလိုပါသည်။ ယင်းစကားရပ်တွင် လမ်းမ၏တစ်ဖက်တစ်ချက်စီ လမ်းနယ်နိမိတ်များနှင့် လမ်းမကြီးများတွင်ရှိသော တံတားများလည်း ပါဝင်ပါ သည်။ သို့ရာတွင် သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့က ဖောက်လုပ်သည့် သို့မဟုတ် ပြုပြင်ထိန်းသိမ်းသည့် လမ်း များ မပါဝင်ပါ။ လမ်းမကြီးများကို ဆောက်လုပ်ရေးဝန်ကြီး ဌာန လမ်းများဦးစီးဌာနက ၂၀၀၀ ပြည့်နှစ်၊ လမ်းမကြီး များဥပဒေနှင့်အညီ စီမံခန့်ခွဲပါသည်။ အမြန်လမ်းမကြီး ဆိုသည်မှာ ၂၀၁၅ ခုနှစ်၊ အမြန်လမ်းမကြီးများဆိုင်ရာ ဥပဒေအရ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမြန်လမ်းမကြီး အဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားသည့် လမ်းမကြီးကို ဆိုလိုပါသည်။ ယင်းစကားရပ်တွင် ယင်း လမ်းမကြီးတစ်ဖက်တစ်ချက်ရှိ လမ်းနယ်နိမိတ်နှင့် ယင်း လမ်းမကြီးပေါ်ရှိ တံတားများလည်း ပါဝင်ပါသည်။ အမြန် လမ်းမကြီးများကို ၂၀၁၅ ခုနှစ်၊ အမြန်လမ်းမကြီးများ ဥပဒေအရ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းများဦးစီး ဌာနက စီမံခန့်ခွဲပါသည်။ လမ်းနယ်နိမိတ်သတ်မှတ်ချက် မှာ အမြန်လမ်းမကြီး လမ်းနယ်နိမိတ်အကျယ် ၁၂၂ မီတာ (ပေ ၄၀၀) ဖြစ်ပါသည်။ နိုင်ငံတကာဆက်သွယ်ရေး လမ်းမကြီး လမ်းနယ်နိမိတ်အကျယ် ၇၀ မီတာ (ပေ ၂၃၀) ဖြစ်ပါသည်။ ပြည်ထောင်စုလမ်းမကြီး လမ်းနယ်နိမိတ် အကျယ် ၄၅ ဒသမ ၇၅ မီတာ (ပေ ၁၅၀) ဖြစ်ပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်များ ဆက်သွယ်သည့်လမ်း ၄၅ ဒသမ ၇၅ မီတာ (ပေ ၁၅၀) ဖြစ်ပါသည်။ ခရိုင်/ မြို့နယ် များ ဆက်သွယ်သည့် လမ်းနယ်နိမိတ်အကျယ် ၄၅ ဒသမ ၇၅ မီတာ (ပေ ၁၅၀) ဖြစ်ပါသည်။ မြို့နှင့် ကျေးရွာများ ဆက်သွယ်သည့် လမ်းအကျယ် ၃၀ ဒသမ ၅ မီတာ (ပေ ၁၀၀) ဖြစ်ပါသည်။ လမ်းနယ်နိမိတ်သတ်မှတ်ရေးကိစ္စ များကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၊ လမ်းများဦးစီးဌာနက လမ်းနယ်နိမိတ်သတ် မှတ်ချက်များကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။


ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လမ်းမြေပေါ်တွင် ကျူးကျော်လျှင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းများ ဦးစီးဌာနက ၂၀၀၀ ပြည့်နှစ်၊ လမ်းမကြီးများဥပဒေ ပုဒ်မ - ၇ (က)၊ (ခ)၊ ( ဂ) အရ တရားရုံးတွင် တရားစွဲဆို နိုင်ပါသည်။ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပါက ပြစ်မှု ကျူးလွန်သူကို ထောင်ဒဏ် (၃) နှစ်၊ (သို့မဟုတ်) ငွေဒဏ်၊ (သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံးကို ချမှတ်နိုင်ပါသည်။ ကျေးလက်လမ်းမြေကို ယခင်က မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့များ၊
ထို့နောက်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ယခုမူ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက် လမ်းဦးစီးဌာနက စီမံခန့်ခွဲလျက်ရှိကြောင်း တွေ့ရှိရပါ သည်။


ရေအရင်းအမြစ်ဆိုသည်မှာ ၂၀၀၆ ခုနှစ်၊ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေအရ မြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ်အတွင်း ရေပေါ်မြေအောက်ရှိ ရေသယံဇာတအားလုံးကို ဆိုလို သည်။ ယင်းစကားရပ်တွင် မြစ်ချောင်းများအတွင်းသို့ စီးဝင်သော ရေအရင်းအမြစ်များလည်း ပါဝင်သည်။ သို့ရာ တွင် ကုန်းတွင်းပိုင်းရေများ မပါဝင်ပေ။ ၎င်းဥပဒေ ပုဒ်မ- ၂ (စ)အရ မြစ်ချောင်းနယ်ဆိုသည်မှာ မြစ်ချောင်းများ၏ ဝဲယာကမ်းပါးနှစ်ခုအတွင်းရှိ ရေပြင်နယ်ကို ဆိုလိုသည်။ ယင်းစကားရပ်တွင် မြစ်ချောင်းအတွင်းရှိ ရေမြုပ်သောင်၊ ရေပေါ်သောင်နှင့် ကျွန်းများလည်း ပါဝင်ပါသည်။ ဤဥပဒေအရ ကမ်းပါးနယ်ဆိုသည်မှာ ရေစစ်မျဉ်းနှင့် ရေပြည့်မျဉ်းကြားရှိ ကမ်းပါးဇောက် (သို့မဟုတ်) ဆင်ခြေ လျှောကမ်းပါးကို ဆိုလိုသည်။ ကမ်းပါးနယ်ဆိုသည်မှာ ကမ်းပါးနယ်နှင့် ဆက်စပ်ပြီး ကမ်းထိန်းလုပ်ငန်း၊ ရေလမ်း ထိန်းလုပ်ငန်းနှင့် မြစ်ချောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဤဥပဒေနှင့်အညီ သတ်မှတ်သည့် ရေနယ် နိမိတ်ကို ဆိုလိုသည်။ ဤဥပဒေ ပုဒ်မ - ၆ (ည) အရ မြစ်ချောင်းနယ်၊ ကမ်းပါးနယ်၊ ကမ်းနားနယ်နှင့် ဆက်စပ် ၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်ချက်အရ မြစ်ချောင်းများအတွင်း တိုးချဲ့သည့် မြေဖို့ပြုပြင်ခြင်းများအတွက် ရရှိလာသော မြေဧရိယာအား ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက စီမံခန့်ခွဲပါသည်။ ပို့ဆောင်ရေး ဝန်ကြီးဌာနက ၂၀၁၃ ခုနှစ်၊ မေလ (၂၈) ရက်နေ့တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေအရ ကမ်းနားနယ်နိမိတ်ကို သတ်မှတ်ကြေညာခဲ့ပါသည်။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေ ပုဒ်မ - ၂ ပုဒ်မခွဲ (ဇ)ပါ ကမ်းနားနယ်ဆိုသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်အလို့ငှာ ကမ်းပါးနယ်နှင့် ဆက်စပ်ပြီး ကမ်းထိန်းလုပ်ငန်း၊ ရေလမ်းထိန်းလုပ်ငန်းနှင့် မြစ်ချောင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကမ်းနားနယ်မြေ နယ်နိမိတ်ကို ပို့ဆောင်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာ စာထုတ်ပြန်၍ သီးခြားသတ်မှတ်ခဲ့ပါသည်။ ဒီရေအမြင့်ဆုံး တက်ချိန်၌ မြစ်ရေရောက်ရှိသည့် (သို့မဟုတ်) မြစ်ရေ တက်ချိန်အမြင့်ဆုံး ပုံမှန်ရေမြင့်အမှတ် ရောက်ရှိသည့် ကမ်းပါးနယ်မှ ကုန်းတွင်းပိုင်းသို့ ပေ ၁၅၀ အထိရှိသော ကမ်းနားနယ် မြေနယ်နိမိတ်ကို ကမ်းနားနယ်အဖြစ် သတ်မှတ်ခဲ့ပါသည်။


ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားက အရေးယူနိုင်

မြစ်ချောင်းနယ်မြေ၊ ကမ်းနားနယ်မြေနှင့် ကမ်းပါး နယ်မြေကျူးကျော်သူများကို ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၀၆ ခုနှစ်၊ ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဆိုင်ရာ ဥပဒေပုဒ်မ - ၂၅ အရ အရေး ယူဆောင်ရွက်နိုင်ပါသည်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက မြစ်ချောင်းနယ်မြေ၊ ကမ်းနားနယ်မြေနှင့် ကမ်းပါးနယ်မြေအတွင်း ကျူးကျော်သူများကို သက်ဆိုင် ရာ တရားရုံးက (၃) နှစ်ထက် မပိုသော ထောင်ဒဏ်၊ ကျပ် (၅၀၀၀ဝိ/-)ထက်မပိုသော ငွေဒဏ်၊ ဒဏ်နှစ်ရပ်စလုံးကို ချမှတ်နိုင်ပါသည်။
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ ပုဒ်မ - ၃ (က)တွင် လယ်ယာမြေဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်မြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသော မြေ၊ ဓနိမြေနှင့် ဥယျာဉ်မြေဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်ပန်းမန်စိုက်ပျိုးသည့် ခြံမြေဟုသော် လည်းကောင်း၊ မြေနုကျွန်းမြေဟုသော်လည်းကောင်း၊ သတ်မှတ်သည့်မြေများကို ဆိုလိုသည်။ ဤဥပဒေအရ ပုဒ်မ - ၃ (ဂ)တွင် မြေနုကျွန်းမြေဆိုသည်မှာ ရေအောက် သို့ နစ်မြုပ်ခဲ့သည့် နှစ်စဉ်ရေကြောင်းအနေအထားအရ မြေသားနှင့် ပုံသဏ္ဌာန်ပြောင်းလဲသည့် ခိုင်မြဲမှုမရှိသော မြေကို ဆိုလိုသည်ဟု ဖော်ပြထားပါသည်။ အထက်တွင် ဖော်ပြချက်များအရ မြေနုကျွန်းများကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက ၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံ မြေနှင့် အခွန် ဆင့်ဆိုချက် ၃၈ အရလည်းကောင်း၊ ၁၈၉၈ ခုနှစ်၊ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများဆင့်ဆိုချက် ၃၁ အရလည်းကောင်း စီမံခန့်ခွဲကြောင်း လေ့လာတွေ့ရှိ ရပါသည်။ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရလည်း မြေနုကျွန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနက စီမံခန့်ခွဲကြောင်း ဖော်ပြထားပါသည်။ ၎င်းအပြင် မြေနုကျွန်းများကို ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၀၆ ခုနှစ်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဆိုင်ရာဥပဒေဖြင့် စီမံခန့်ခွဲကြောင်း ဖော်ပြ ထားပါသည်။ အထက်ပါ မြေနုကျွန်းစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ လေ့လာဆန်းစစ်မှုများ ပြုလုပ်ရဦးမည်ဖြစ် ပါသည်။


ရတနာနယ်မြေဆိုသည်မှာ
၂၀၁၉ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေအရ ရတနာနယ်မြေဆိုသည်မှာ ကျောက်မျက်ရတနာထွက် ရှိသည့် နယ်မြေကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီမှုဖြင့် ဝန်ကြီးဌာနက ရတနာနယ်မြေအဖြစ် သတ်မှတ်ထားသည့်နယ်မြေကို ဆိုလိုပါသည်။ ဤဥပဒေ ပုဒ်မ - ၅ အရ ရတနာနယ်မြေအဖြစ် သတ်မှတ်သည့် နယ်မြေအတွင်း မြို့ သို့မဟုတ် ကျေးရွာ လူနေအိမ်များ တိုးချဲ့ခြင်း၊ သာသနာ့နယ်မြေသတ်မှတ်ခြင်း၊ စိုက်ပျိုး မြေတိုးချဲ့လုပ်ကိုင်ခြင်း၊ သစ်တောစိုက်ခင်း တိုးချဲ့လုပ် ကိုင်ခြင်း၊ ရေတွင်း သို့မဟုတ် ရေကန်တူးဖော်ခြင်း၊ ဆည်မြောင်းတည်ဆောက်ခြင်းနှင့် အခြားစီမံကိန်းနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန်ရှိပါက သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသည် ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူ ဆောင်ရွက်ရမည်ဟု ဖော်ပြပါရှိပါသည်။ သို့သော်လည်း ကချင်ပြည်နယ်၊ ဖားကန့်ရတနာနယ်မြေ အဖြစ် သတ်မှတ်ထားသော ကချင်ပြည်နယ်၊ ဖားကန့်မြို့ တွင် မြို့မြေ၊ ရွာမြေ၊ အခွန်လွတ်သာသနာမြေများရှိပြီး ခွင့်ပြုချက်ရယူခြင်းမရှိဘဲ သက်ဆိုင်ရာဌာနများ၏ ဥပဒေ နှင့်အညီသာ စီမံခန့်ခွဲမှုများကို ပြုလုပ်လျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။


ရတနာနယ်မြေအတွင်း ကျူးကျော်သူများကို တာဝန်ခံ ရတနာနယ်မြေ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၁၅ ခုနှစ် တွင် ပြင်ဆင်သတ်မှတ်သည့် မြန်မာ့သတ္တုတွင်းဥပဒေ အရ အရေးယူဆောင်ရွက်နိုင်ပါသည်။ ပြစ်မှုကျူးလွန် ကြောင်း ထင်ရှားပါက သက်ဆိုင်ရာတရားရုံးက ရတနာ နယ်မြေအတွင်း ကျူးကျော်သူကို ထောင်ဒဏ် (၆) လအထိ ဖြစ်စေ၊ ငွေဒဏ် ကျပ် (၅၀၀ဝိ/-) အထိဖြစ်စေ၊ ဒဏ် နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ပါသည်။ ရတနာနယ်မြေ အတွင်း ခွင့်ပြုချက်မဲ့ ထုတ်လုပ်ရှာဖွေစမ်းသပ်ပါက ရတနာနယ်မြေတာဝန်ခံက ၂၀၁၉ ခုနှစ်၊ မြန်မာ့ကျောက် မျက်ရတနာဥပဒေ ပုဒ်မ - ၄၈ (က) အရ အရေးယူဆောင် ရွက်နိုင်ပါသည်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလျှင် အနည်းဆုံး (၃) နှစ်မှ အများဆုံး (၇) နှစ်အထိ ထောင်ဒဏ် ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း တွေ့ရှိရပါသည်။


ထိရောက်သည့်ပြစ်ဒဏ်များ ဖြစ်ရန်လိုအပ်

အချို့မြေယာကျူးကျော်မှုများအပေါ် ငွေဒဏ်များ ချမှတ်ရာတွင် ခေတ်ကာလငွေကြေး တန်ဖိုးပမာဏနှင့် လိုက်လျောညီထွေမှုမရှိကြောင်း လေ့လာတွေ့ရှိရပါ သည်။ အချို့သော မြေယာဥပဒေများကို ကိုင်တွယ် ကျင့်သုံးသည့် သက်ဆိုင်သောဌာနများသည် တိုင်းဒေသ ကြီး/ ပြည်နယ်အတွင်းပင် ဖွဲ့စည်းထားမှု မရှိကြောင်း၊ ခရိုင်၊ မြို့နယ်တွင် မရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ ထိုသို့ဖြစ်လျှင် သက်ဆိုင်သည့် မြေယာများအပေါ် ကျူးကျော်မှု မရှိစေရေး စောင့်ထိန်းကြပ်မတ်ရမည့် ဌာန မရှိသောကြောင့် ကျူးကျော်သူများအဖို့ အခွင့်အရေး တစ်ရပ် ရရှိသကဲ့သို့ ဖြစ်ရပါသည်။ ဥပမာအားဖြင့် သာဓကပြရလျှင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများကို သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်တို့တွင် ဖွင့်လှစ်နိုင်မှု မရှိသေးကြောင်း လေ့လာတွေ့ရှိရပါသည်။ အချို့ဥပဒေများသည် ပြည့်စုံမှုမရှိကြောင်းနှင့် လိုက်နာ သူများ အလွယ်တကူ ရှင်းရှင်းလင်းလင်း လိုက်နာစေနိုင် သည့် လိုက်နာရန် ရှင်းလင်းလွယ်ကူ ပြည့်စုံမှုလိုအပ်နေ သေးကြောင်း လေ့လာတွေ့ရှိရပါသည်။ ပြဋ္ဌာန်းထားသည့် ဌာနအသီးသီးက ကျင့်သုံးသောမြေယာဥပဒေများ၏ ပြစ်ဒဏ်များသည်လည်း ထိရောက်သည့် ပြစ်ဒဏ်များ ဖြစ်ရန် လိုအပ်ကြောင်းလည်း လေ့လာတွေ့ရှိ ရပါသည်။ ချမှတ်သည့် ပြစ်ဒဏ်အတိုင်း အဆများသည်လည်း မျှတရန်လိုအပ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
မြေယာပြဿနာများ (land issues) များ လျော့နည်း ရေးနှင့် မြေယာစီမံခန့်ခွဲရေးဥပဒေများ အချင်းချင်း ထိပ်တိုက်ဖြစ်ပေါ်မှု (law conflits) များ လျော့နည်းပြီး တိုင်းရင်းသားပြည်သူများက မြေယာစီမံခန့်ခွဲသည့် ဌာန များအား ယုံကြည်ကိုးစားမှု ဖြစ်ပေါ်လာစေရေး အများ ပြည်သူနစ်နာမှုများကို ကုစားပေးနိုင်ရေး ကြိုးပမ်းဆောင် ရွက်ပေးရမည် ဖြစ်ပါသည်။ မှန်ကန်သော မြေယာစီမံ ခန့်ခွဲမှုတစ်ရပ်ဖြစ်စေရန် မြေယာစီမံခန့်ခွဲပိုင်ခွင့်ရှိသော သူများ၏ စိတ်ရင်းစေတနာကောင်းထားရှိမှု ဥပဒေကို ကျွမ်းကျင်ပြီး လေးစားလိုက်နာမှု၊ သစ္စာရှိမှုနှင့် လုပ်ငန်း ကျွမ်းကျင်မှုအပေါ် များစွာမူတည်ပါသည်။ မြေနှင့် သက်ဆိုင်သည့် အငြင်းပွားမှုများကို တရားဥပဒေစိုးမိုး ရေးအတွက် ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ ငွေကြေး အကုန်အကျသက်သာမှုနှင့် လွတ်လပ်မှုရှိသော ဖြေရှင်း ဆုံးဖြတ်သည့် လုပ်ငန်းစဉ်များ ပေါ်ပေါက်လာအောင် လည်း ကြိုးပမ်းကြရမည် ဖြစ်ပါသည်။


သက်ဆိုင်ရာဌာနအသီးသီးက စီမံခန့်ခွဲပေးနေ

အထက်ပါတင်ပြချက်များအရ မြေအသီးသီးကို သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးရှိ ဦးစီးဌာနအသီးသီး က စီမံခန့်ခွဲကြပါသည်။ သက်ဆိုင်ရာ မြေအသီးသီးပေါ် တွင် ကျူးကျော်မှုများကို သက်ဆိုင်ရာ ဦးစီးဌာနအသီးသီး က ကျင့်သုံးလျက်ရှိသည့် ဥပဒေများနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှု၊ စိတ်ဓာတ်အပြည့်အဝနှင့် မြေယာကျူးကျော် မှုများ ပပျောက်စေရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ မြေယာအသီးသီးပေါ်တွင် ကျူးကျော်မှုများ ကို သက်ဆိုင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူအသီးသီးက အရေးယူဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဝန်ထမ်းအဆင့်ဆင့်က သက်ဆိုင်ရာဌာနအသီးသီး ကို ညှိနှိုင်းပေးခြင်း၊ ပူးပေါင်းဆောင်ရွက်စေခြင်း၊ ညှိနှိုင်း ဆောင်ရွက်စေခြင်း၊ ချိတ်ဆက်ဆောင်ရွက်စေခြင်း၊ ပေါင်း စည်းဆောင်ရွက်စေခြင်းကို စိတ်ရင်းစေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ မြေအသီးသီးပေါ်တွင် ကျူးကျော်မှုများကို သိရှိနိုင်စေရေးအတွက် သက်ဆိုင် သည့် ဌာနဆိုင်ရာ တာဝန်ရှိသူအသီးသီးတွင် တာဝန်ရှိ သကဲ့သို့ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အစည်းအဆင့်ဆင့် ကလည်း ကူညီစောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ပြီး တရားဥပဒေစိုးမိုးရေး၊ မြေယာကျူးကျော်မှုများ ပပျောက် စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါ သည်။ မြေယာဥပဒေများ ပြဋ္ဌာန်းသူများကလည်း ပြည်သူ များအလွယ်တကူ သိရှိလိုက်နာနိုင်ပြီး ရှင်းလင်းလွယ်ကူ မှုရှိသည့်၊ ဆင်ခြင်တုံတရားရှိသည့် ပြည့်စုံမှုရှိသည့် မြေယာဥပဒေတစ်ခုနှင့်တစ်ခု ဆန့်ကျင်မှုမရှိဘဲ အထောက်အကူပြုနိုင်သည့်၊ ပေါင်းစပ်ဆောင်ရွက်နိုင် သည့် ဥပဒေများဖြစ်ရန် လိုအပ်သည်ဟု ထင်မြင်မိပါသည်။ ပြည်သူများလည်း မိမိပိုင်ဆိုင်ခြင်းမရှိသည့် မြေများကို ကျူးကျော်ခြင်းမပြုရန်၊ နိုင်ငံကြီးသားပီသရန် အရေး ကြီးပါသည်။ ပြည်သူများကလည်း ဒီမိုကရေစီ၏ အနှစ် သာရများဖြစ်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိ ပြီး မိမိပိုင်ဆိုင်မှုမရှိသော မြေယာများပေါ်တွင် လူသား တို့ထားရှိသင့်သည့် ဂုဏ်သိက္ခာကင်းမဲ့စွာ မတရား ကျူးကျော်ခြင်း၊ ရယူခြင်း မပြုလုပ်သင့်ပါ။ တရားဥပဒေ စိုးမိုးရေး၊ မြေယာကျူးကျော်မှုများ ပပျောက်စေရေး အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု၊ အသိစိတ်ဓာတ်အပြည့် ဖြင့် ဌာနအသီးသီးက ဆင်ခြင်တုံတရားထားရှိကာ အဂတိ တရားကင်းကင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ။ ကြေးမုံ