နေပြည်တော် ၁၉ ဇွန် 

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် ဒိန်းမတ်နိုင်ငံ သံရုံးယာယီတာဝန်ခံ Ms.DorteChortsen တို့ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်သော တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်းသည့် ပဉ္စမအကြိမ် ဦးဆောင်ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာ၌ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံသံရုံးတို့အကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာအရ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းများကို ၂၀၁၇ ခုနှစ်မှစ၍ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဥပဒေရေးဆွဲခြင်း၊ ဥပဒေအရာရှိ ကျင့်ဝတ်၊ တရားမျှတမှုဆိုင်ရာ စံနှုန်းများနှင့် သုတေသနလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းများ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်းသည့် အလုပ်ရုံ ဆွေးနွေးပွဲများကို ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယခုနှစ်အတွင်း ကယားပြည်နယ်နှင့် ကချင်ပြည်နယ် ဥပဒေချုပ်ရုံးများ၌ လူ့အခွင့်အရေးကွန်ဗင်းရှင်းများနှင့် ဥပဒေအရာရှိကျင့်ဝတ်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ “ပြည်သူ့အတွက် တရားမျှတမှု” မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၃)ကို ချမှတ်၍ တရားမျှတမှုကို အားလုံးလက်လှမ်းမီရေးအတွက် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါမဟာဗျူဟာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ဒိန်းမတ်နိုင်ငံသံရုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ အစည်းအဝေးတွင် တက်ရောက်လာကြသူများက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒိန်းမတ်နိုင်ငံသံရုံးနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် (ICJ) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်