နေပြည်တော် ၁၉ နိုဝင်ဘာ

တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ သတ္တမအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက  တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ “ပြည်သူ့အတွက် တရားမျှတမှု” မဟာဗျူဟာစီမံကိန်း ၂၀၁၉-၂၀၂၃ မူကြမ်းကို ရေးဆွဲနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ မဟာဗျူဟာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ စံလုပ်ထုံးလုပ်နည်းများ (SOP) မူကြမ်းကို အတည်ပြုရန် ဆွေးနွေးခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ မဟာဗျူဟာ စီမံကိန်းရည်မှန်းချက်တွင် ပါဝင်သည့် တရားရုံးပြင်ပ ဖြေရှင်းခြင်းစနစ် နှင့်စပ်လျဉ်း၍ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ၂၀၁၈-၂၀၃၀ ၏ မဟာဗျူဟာနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရည်မှန်းချက် ပန်းတိုင်တို့တွင်လည်း အများပြည်သူ ယုံကြည်အားကိုးသည့် တရားစီရင်ရေး စနစ်ပေါ်ထွန်းလာရေးကို ရည်မှန်းထားပါကြောင်း၊ သို့ပါ၍ တရားမျှတမှုလက်လှမ်းမီရေး၊ တစ်ဦးချင်း အခွင့်အရေးများနှင့်တရား ဥပဒေစိုးမိုးမှုခိုင်မာရေးအတွက် ပြီးပြည့်စုံသော မဟာဗျူဟာတစ်ရပ် တိုးတက်စေရန် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ ပေါင်းစပ်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 ၂၀၁၈ ခုနှစ် မတ်လ ၇-၈ ရက်များတွင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားညီလာခံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံမိန့်ခွန်း၌ မြန်မာနိုင်ငံမှာ အငြင်းပွားမှုဖြေရှင်းခြင်းအတွက် ဥပဒေအရ ကွဲပြားစွာတည်ရှိမှုများ၏ အရေးပါမှုကိုလည်း အသိအမှတ်ပြုသည်ဟု ထည့်သွင်းပြောကြားခဲ့ပါကြောင်း၊ တရားရုံးတွင်တရားစွဲဆို ဖြေရှင်းမပြုဘဲ အခြားနည်းဖြစ်သည့် ဓလေ့ထုံးစံအရ ရပ်ရွာလူကြီးများနှင့် ညှိနှိုင်းဖြေရှင်းသည့် ဓလေ့များမှာ နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့ကြောင်းနှင့် အဆိုပါ ဓလေ့နှင့်ရိုးရာ အစဉ်အလာကျင့် သုံးမှုများကို ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက်လည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု ထည့်သွင်းပြောကြားခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် တရားရုံးပြင်ပ ဖြေရှင်းခြင်းစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် အကြံပြုချက်များ၊ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ အကောင်အထည်ဖော်မှုများနှင့် စံလုပ်ထုံးလုပ်နည်းမူကြမ်းအပေါ် ဆွေးနွေးသုံးသပ် အကြံပြုသွားကြရန် ဖြစ်ကြောင်းနှင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ စံလုပ်ထုံးလုပ်နည်းကို ဆွေးနွေးအတည်ပြုပြီးလျှင်တို င်းဒေသကြီးနှင့် ပြည်နယ် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများ အနေဖြင့် ယခုထက်ပိုမိုပြီး လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။ 

အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများမှ ၎င်းတို့ ဆောင်ရွက်လျက်ရှိသည့် အသိပညာပေးလုပ်ငန်းများ၊ တိုင်ကြားစာများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမှုများကို ဆွေးနွေးတင်ပြခဲ့သည်။ ထို့ပြင် သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှု အားနည်းသည့်အတွက် အခက်အခဲအချို့ရှိကြောင်း ဆွေးနွေးတင်ပြရာ ပြည်ထောင်စုရှေ့နေချုပ်မှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် နည်းလမ်းများနှင့် စပ်လျဉ်း၍ မှာကြားသည်။    

အဆိုပါ အစည်းအဝေးသို့ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများ၏ အဖွဲ့ခေါင်းဆောင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေအရာရှိများ၊ ဖိတ်ကြားထားသည့် အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် MyJustice၊ UNDP ၊ USAID ၊ DFID ၊ DFAT ၊ JICA ၊ Embassy of Denmark ၊ IDLO ၊ Mercy Corps နှင့် Norwegian Refugee Council တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ 

သတင်းစဉ်