နေပြည်တော်၊  ၁၁  ဇန်နဝါရီ  

တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့၏ အဋ္ဌမအကြိမ်အစည်းအဝေးကို ယနေ့နံနက် နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေး  ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဥက္ကဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး အဖွဲ့၏လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများကို တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့ပြင်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လိုအပ်သောအကြံဉာဏ်များ ရယူနိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်သည့် အကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါကြောင်း၊ အဖွဲ့၏မဟာဗျူဟာ စီမံကိန်း ရေးဆွဲချမှတ်နိုင်ရန်  “တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေးညီလာခံကို ၂၀၁၈ ခုနှစ်၊ မတ်လ ရက်နေ့နှင့် ရက်နေ့တို့တွင် ကျင်းပခဲ့ပါကြောင်း၊ ယင်းညီ လာခံ ပါဝင်တက်ရောက်သူများ၏ အကြံပြုချက်များနှင့်အညီ ပြည်သူ့အတွက် တရားမျှတမှု” (၂၀၁၉-၂၀၂၃)မဟာဗျူဟာ စီမံကိန်းကို ရေးဆွဲခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုပေးခဲ့ပါကြောင်း၊ ယင်းမဟာဗျူဟာစီမံကိန်းတွင် တရားမျှတမှုကဏ္ဍ ပေါင်းစပ်ညှိနှိုင်းမှု၊ အများပြည်သူယုံ ကြည်မှု၊ တရားမျှတမှုဆိုင်ရာ အသိပညာပေးခြင်း၊ တရားမျှတမှုကဏ္ဍ အစီအမံများ တိုးတက်စေရန် ဆောင်ရွက်ခြင်းစသည့် ပန်းတိုင် ရပ် ချမှတ်ခဲ့ပါကြောင်း၊ စီမံကိန်းပါ လုပ်ငန်းစဉ်များဖြစ်သည့် အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများကို ထုတ်ဝေခြင်း၊ အဖွဲ့နှင့် အဖွဲ့ခွဲများ၏ ပုံမှန်အစည်းအဝေးများကို ကျင်းပခြင်း၊ နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများနှင့် အဖွဲ့ခွဲများပူးပေါင်းပြီး လူထုတွေ့ဆုံဆွေးနွေးပွဲများနှင့် အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်ခြင်း စသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊

စီမံကိန်းပါကျန်ရှိသည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းစံ လုပ်ထုံးလုပ်နည်းများတွင် တိုင်ကြားစာများ လက်ခံဆောင်ရွက်ခြင်း၊ အခင်းဖြစ်ပွားရာဒေသသို့ ကွင်းဆင်းလေ့လာ စိစစ်ခြင်း၊ ပေါင်းစပ်ဆောင်ရွက်ခြင်း၊ အသိပညာပေးရေး ဆောင်ရွက်ခြင်း၊ အစည်းအဝေးကျင်းပခြင်းဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းရေးဆွဲခဲ့ပါကြောင်း၊ သို့ပါ၍ အဖွဲ့ခွဲများ အနေဖြင့် စံလုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန်ကန်ကန် ပေါင်းစပ်ညှိနှိုင်းပေးနိုင်ပါက အများပြည်သူအတွက် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု လက်လှမ်းမီရေးကို ရရှိမည်ဟု ယုံကြည် ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများအား ပြည်ထောင်စုအစိုးရ အဖွဲ့ကဖွဲ့စည်းခွင့်ပြုထားသည်နှင့်အညီ အဖွဲ့ဝင်အားလုံး ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်းနှင့် အလားတူ အစိုးရဌာနအဖွဲအစည်းများကလည်း ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း  ပြောကြားသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများမှ ၎င်းတို့ ဆောင်ရွက်လျက်ရှိသည့် အသိပညာပေးလုပ်ငန်းများ၊ တိုင်ကြားစာများအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးမှုများကို ဆွေးနွေးတင်ပြသည်။

အစည်းအဝေးကို ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများ၏ အဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)