တရားဝင်ကွာရှင်းပြတ်စဲဖို့ရာ ဆောင်ရွက်နေတဲ့ ဆောင်ဂျွန်ကီနဲ့ဆောင်းဟေကို

၂၈ ဇွန်

 

ဇွန် ၂၇ ရက် နံနက်ပိုင်းမှာတော့ ပရိသတ်တွေကို အံ့အားသင့်သွားစေမယ့် အကြောင်းအရာတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ ဒါကတော့ မင်္ဂလာပွဲကို ခမ်းခမ်းနားနားပြုလုပ်ခဲ့ပြီး အိမ်ထောင်သက် တစ်နှစ်ကျော်သာရှိသေးတဲ့ တောင်ကိုရီးယားရဲ့ ထိပ်တန်းကြယ်ပွင့်စုံတွဲ    ဆောင်ဂျွန်ကီနဲ့    ဆောင်းဟေကိုတို့  ကွာရှင်းပြတ်စဲသွားမှာဖြစ်တယ်ဆိုတဲ့သတင်းပဲ ဖြစ်ပါတယ်။ ဒီလိုကွာရှင်းသွားမယ့်အကြောင်း စတင်ပြောကြားလာသူကတော့ မင်းသား ဆောင်ဂျွန်ကီဖြစ်ပါတယ်။

 

ဆောင်ဂျွန်ကီက      ဆောင်းဟေကိုနဲ့    တရားဝင်ကွာရှင်းဖို့ရာ     လုပ်ဆောင်နေကြောင်းကိုတော့ သှူရဲ့ ရှေ့နေကနေတစ်ဆင့် ထုတ်ပြန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဆောင်ဂျွန်ကီက    သူ့အနေနဲ့    သတင်းဆိုးကို ထုတ်ဖော်ပြောကြားရတဲ့အတွက် စိတ်မကောင်းကြောင်း၊ သူနဲ့ ဆောင်းဟေကိုတို့ဟာ ကွာရှင်းပြတ်စဲသွားဖို့ရာ သဘော တူပြီးဖြစ်ကြောင်း၊ သူတို့နှစ်ဦးဟာ ရန်ဖြစ်တာ၊ တစ်ဦးကိုတစ်ဦး အပြစ်တင်တာမျိုးတွေမလုပ်ဘဲ အေးအေးဆေးဆေးကွာရှင်းကြဖို့ရာ သဘောတူပြီးဖြစ်ကြောင်း၊ ကွာရှင်းရတဲ့အကြောင်းရင်းကတော့   ပုဂ္ဂိုလ်ရေးဖြစ်တာကြောင့် ရှင်းပြဖို့ရာခက်ခဲကြောင်းနဲ့အနာဂတ်မှာ သူဟာ သရုပ်ဆောင်တစ်ဦးအဖြစ် အကောင်းဆုံးကြိုးစားသွားမှာဖြစ်ကြောင်း ထည့်သွင်းရေးသားဖော်ပြခဲ့တယ်လို့ သိရပါတယ်။

 

ဆောင်ဂျွန်ကီက ကွာရှင်းပြတ်စဲကြောင်း ရေးသားဖော်ပြခဲ့ပြီးနောက် မိနစ်ပိုင်းအကြာမှာ ဆောင်းဟေကိုဘက်ကလည်း အေဂျင်စီကနေတစ်ဆင့် တုံ့ပြန်ပြောကြားခဲ့ပါတယ်။ ဆောင်းဟေကိုရဲ့ အေဂျင်စီက အချိန်အတော်ကြာ စဉ်းစားခဲ့ပြီးနောက်မှာတော့ ဆောင်းဟေကိုနဲ့ ဆောင်ဂျွန်ကီတို့ဟာ ကွာရှင်းပြတ်စဲဖို့ရာ စတင်လုပ်ဆောင်ခဲ့ကြတာ ဖြစ်ကြောင်း၊ ဒီလိုကွာရှင်းရတဲ့အကြောင်းကတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ   မတူညီမှုတွေကြောင့်ဖြစ်ကြောင်းနဲ့  သူတို့နှစ်ဦးအကြားက      ကွဲပြားနေတဲ့အရာတွေကို ညှိနှိုင်း ကျော်လွှားနိုင်ခြင်းမရှိတာကြောင့် နောက်ဆုံးမှာတော့ ကွာရှင်းဖို့ရာ  ဆုံးဖြတ်ခဲ့ရတာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

ဒီလို တရားဝင်ကွာရှင်းပြတ်စဲကြောင်း သတင်းတွေမထွက်ပေါ်မီမှာပင် ဒေသတွင်းနဲ့ တရုတ်မီဒီယာတွေက သူတို့နှစ်ဦး လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ဝေဖန်ရေးသားမှုတွေ ရှိနေခဲ့ပါတယ်။ ဆောင်းဟေကိုဟာ သူ့ရဲ့ လက်ထပ်လက်စွပ်ကို ဝတ်ဆင်ထားခြင်း မရှိတာကြောင့်လည်း မီဒီယာတွေရဲ့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ရပြီး လတ်တလောမှာတော့ ကာယကံရှင်တွေက အတည်ပြုပြောကြားခဲ့ကြတာဖြစ်ပါတယ်။

 

ဆောင်းဟေကိုနဲ့ ဆောင်ဂျွန်ကီတို့ရဲ့ လမ်းခွဲလိုက်တဲ့သတင်းနဲ့အတူ ကောလာဟလတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ မကြာမီက ဆောင်းဟေကို ပါဝင်ရိုက်ကူးခဲ့တဲ့ "Boyfriend" ဇာတ်လမ်းတွဲမှာ      အတူပါဝင်ရိုက်ကူးခဲ့တဲ့  မင်းသား  ပါ့ခ်ဘိုဂန်းနဲ့အကြောင်းတွေကို    ဝေဖန်ရေးသားမှုတွေရှိခဲ့ရာ     ပါ့ခ်ဘိုဂန်းနဲ့  ဆောင်ဂျွန်ကီတို့ရဲ့ဖျော်ဖြေရေးအေဂျင်စီဖြစ်တဲ့ ဘလော့ဆမ်အန်တာတိန်းမန့်က ပါ့ခ်ဘိုဂန်းနဲ့ပတ်သက်ပြီး ကောလာဟလဖြန့်ချိသူတွေကို အရေးယူသွားမှာဖြစ်ကြောင်းလည်း သတိပေးထားပါတယ်။

 

ဆောင်ဂျွန်ကီကတော့ ကွာရှင်းပြတ်စဲကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် အနုပညာလှုပ်ရှားမှုတွေကနေ ခေတ္တအနားယူသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြား လာပါတယ်။  မင်းသားရဲ့  အေဂျင်စီက  ဆောင်ဂျွန်ကီဟာ လတ်တလောမှာတော့ ပရိုမိုးရှင်းလုပ်ငန်းတွေ လုပ်ဆောင်သွားမှာမဟုတ်ဘဲ  ရပ်နားထားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆောင်ဂျွန်ကီဟာ သူ့ရဲ့ ဇာတ်လမ်းတွဲရုပ်ရှင်သစ် "Lighting Ship"ကို ဇူလိုင်အစပိုင်းမှာ  စတင်ရိုက်ကူးသွားဖို့ရာ ရှိနေပြီး  အဆိုပါဇာတ်လမ်းတွဲစတင်ရိုက်ကူးမယ့်  အချိန်အတိအကျကိုတော့ ထုတ်ပြန်ပြောကြားခဲ့ခြင်း မရှိသေးကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။


အေးပြည့်