နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖြစ်ထွန်းခြင်း၊ မဖြစ်ထွန်းခြင်းသည် ထိုနိုင်ငံတွင် တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးတိုက်ဖျက်နိုင်ခြင်း၊ မတိုက်ဖျက်နိုင်ခြင်းတို့အပေါ်တွင်မူတည်နေပြီး တရားဝင်ကုန်သွယ်မှုလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် စနစ်တကျဆောင်ရွက်နိုင်ခြင်း၊ မဆောင်ရွက်နိုင်ခြင်းအပေါ်တွင်လည်း မူတည်ပေသည်။
တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍ The Economist Intelligence Unit ၏ ၂၀၁၈ ခုနှစ် ကမ္ဘာ့တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအခြေအနေအညွှန်းကိန်းအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၈၄ နိုင်ငံအနက် ၈၂ နေရာတွင်ရှိနေသဖြင့် တရားမဝင်ကုန်သွယ်မှုအနိမ့်ဆုံး ၁၀ နိုင်ငံစာရင်းတွင် ပါဝင်နေသည်။ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာတိုက်ဖျက်နိုင်ရန်အတွက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီကို နိုင်ငံတော်က ဖွဲ့စည်းပြီး လုပ်ငန်းတာဝန် ၁၃ ရပ် ချမှတ်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
တရားမဝင်ကုန်သွယ်မှု ဖြစ်ပေါ်နေမှုများကို စေ့ငုကြည့်မည်ဆိုလျှင်ကုန်ပစ္စည်းတင်သွင်းသူ၊ တင်ပို့သူတို့၏ အခွန်ရှောင်တိမ်းလိုမှု၊ တင်သွင်း တင်ပို့ခြင်းဆိုင်ရာ ခွင့်ပြုချက်များနှင့်ပတ်သက်၍ အကန့်အသတ်များ ရှိနေမှု၊ နိုင်ငံတကာကုန်သွယ်ရေးလုပ်ထုံးလုပ်နည်းများကို လိုက်နာရန်အားနည်းမှု၊ အကျိုးစီးပွားတစ်ခုတည်းကိုသာကြည့်၍ ဆောင်ရွက်လိုမှု၊ တရားဝင်နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်နည်းပြီး တရားမဝင်နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များအလွန်များပြားနေမှု၊ တရားမဝင်လမ်းကြောင်း များကို နယ်မြေစိုးမိုးရေးအခြအနေအရ ထိန်းချုပ်နိုင်ခြင်းမရှိမှု၊ ဝန်ထမ်း များ၏ စွမ်းဆောင်ရည်အားနည်းမှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုဆောင်ရွက်ရာတွင် လေးစားလိုက်နာခြင်း အားနည်းမှုများကြောင့် တရားမဝင်ကုန်သွယ်မှုရှင်သန်နေခြင်းဖြစ်သည်။ ယင်းကိုပပျောက်အောင်ဆောင်ရွက်ရာတွင် ဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်၍မရနိုင်ဘဲ အားလုံးပူးပေါင်းဆောင်ရွက်မှသာ ထိရောက်မှုရှိမည်ဖြစ်သည်။
တရားမဝင်ကုန်သွယ်ခြင်းသည် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေခြင်း၊ ပြည်တွင်း ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကိုဆုတ်ယုတ်စေခြင်း၊ စားသုံးသူများ ဘေးကင်းလုံခြုံမှု၊ အာမခံမှုကိုထိခိုက်စေခြင်း စသည့်ဆိုးကျိုးများကို ဖြစ်စေပါသည်။ ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှု သတ်မှတ်ထားသော အညွှန်းကိန်းအရ အစိုးရ၏ မူဝါဒ၊ ရောင်းလိုအားနှင့်ဝယ်လိုအား၊ ပွင့်လင်းမြင်သာမှုရှိသည့်ကုန်သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းစဉ်များ ထိရောက်မှုရှိ၊ မရှိအပေါ်တွင် တရားမဝင်ကုန်သွယ်မှုကို ဆန်းစစ်နိုင်သည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာ တွင်တရားမဝင်ကုန်သွယ်မှုသည် အဓိကအဟန့်အတားဖြစ်သည်။ တရားမဝင်မှုများ အင်အားကြီးလာသောအခါ တရားဝင်လုပ်ငန်းများ အင်အားနည်းယိုင်နဲ့လာသည်။ ယင်းတွင် မူဝါဒနှင့်လုပ်ထုံးလုပ်နည်း အားနည်းမှုကြောင့်ဖြစ်စေနိုင်သလို ဝိသမလောဘသား၊ အဂတိလိုက်စားမှုနှင့် ပြည်သူများ၏ အသိအမြင် စဉ်းစားမြော်တွေးနိုင်မှု အားနည်းမှုတို့ကြောင့်ဖြစ်သည်။
မြန်မာနိုင်ငံနှင့် အဓိကနယ်စပ်ကုန်သွယ်ဖက်နိုင်ငံများအနက် ထိုင်းနိုင်ငံနှင့် ယခုနှစ် ဇွန်လကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာသန်း ၁၅၀ ကျော် ကွာဟနေသည်ဟုသိရသည်။ ထိုသို့ကွာဟခြင်းသည် တရားမဝင်ကုန်သွယ်မှုကြောင့်ဖြစ်ပြီး အခြားနေရာ၊ အချိန်ကာလများ တိုးလာသည်နှင့်အမျှ တိုင်းပြည်စီးပွား မည်မျှနစ်နာမည်ကို ခန့်မှန်းကြည့်နိုင်မည်။ တရားမဝင်ကုန်သွယ်မှုဖြစ်ထွန်းနေသည့် အချက်များအနက် စားသုံးသူတို့၏အားပေးမှုကြောင့်လည်းဖြစ်ရာ ဈေးနှုန်းသက်သာ၍ ရောင်းဝယ်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို အသိပညာပေးရမည်ဖြစ်သည်။
သို့ဖြစ်ရာ တရားဝင်ကုန်သွယ်မှုဖြစ်ထွန်းမှ တိုင်းပြည်စီးပွားတိုးတက်လာမည်ဖြစ်၍ တရားမဝင်ကုန်သွယ်မှုများ ပပျောက်ရေးအတွက်ဝိုင်းဝန်းလက်တွဲ တိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ