ဘေကျင်း စက်တင်ဘာ ၅
တရုတ် - အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် 2024 FOCAC ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဘေကျင်းမြို့ရှိ Great Hall ခန်းမ၌ ကျင်းပသည်။ အဆိုပါအခမ်းအနားတွင် တရုတ် သမ္မတရှီကျင့်ဖျင်၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် တက်ရောက်လာကြသည့် အာဖရိကနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များက မိန့်ခွန်းပြောကြားကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ် - အာဖရိက မိတ်ဖက်ဆက်ဆံရေးသည် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ ထွန်းလင်းသော စံနမူနာဖြစ်ကြောင်း အလေးပေးပြောကြားပြီး တရုတ်နိုင်ငံသည် အာဖရိကရှိ အခြေခံအဆောက်အအုံချိတ်ဆက်မှု ပရောဂျက် ၃၀ ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ အရည်အသွေးမြင့် Belt and Road ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ကုန်းလမ်း-ရေလမ်းချိတ်ဆက်ထားသည့် တရုတ် - အာဖရိက ကွန်ရက်ကို ထူထောင်ရန် ပြင်ဆင်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“ခေတ်မီရေးကို လက်တွဲတွန်းအားပေးပြီး အရည်အချင်းမြင့် တရုတ် - အာဖရိက ကံကြမ္မာ အသိုင်းအဝိုင်းကို လက်တွဲတည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် တရုတ် - အာဖရိက ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ် 2024 FOCAC ကို စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အာဖရိက နိုင်ငံ ၅၃ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ (သုတေသန)


