ရန်ကုန် ၁၆ ဇွန်
မြန်မာလေ့လာရေးအဖွဲ့မှ အကြီးတန်းသုတေသနမှူး ဦးအေးမောင်ကျော်နှင့် ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦးတို့ ဦးဆောင်ဆွေးနွေးသည့် ကမ္ဘာရေးရာဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ အမှတ် (၂၁၂) သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း (ရုံးချုပ်) ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ဆွေးနွေးပွဲမျိုးကို ဖြစ်နိုင်ပါက နှစ်ပတ်တစ်ကြိမ် ကျင်းပစေချင်ကြောင်း၊ တခြားနေရာဒေသများတွင်လည်း ပြုလုပ်စေချင်ကြောင်း၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စိတ်ပါဝင်စားသူများရှိပါက မိမိတို့အဖွဲ့နှင့် ပူးတွဲဆောင်ရွက်စေလိုကြောင်း၊ ယနေ့ဆွေးနွေးပွဲ၌ ဝိုင်းဝန်းပါဝင်ဆွေးနွေးအကြံ ပြုခြင်း၊ ဝေဖန်ထောက်ပြခြင်း ပြုလုပ်စေလိုကြောင်း၊ နောင်တွင်လည်း ဆွေးနွေးလိုသည့် အကြောင်းအရာ ရှိပါကလည်း ဦးဆောင်ဆွေးနွေးရန် ဖိတ်ခေါ်ချင်ကြောင်း။
ကမ္ဘာရေးရာအကြောင်းအရာများ ဆွေးနွေးရာတွင် ကမ္ဘာတွင် ဖြစ်ပျက်နေသည့် အနေအထားများကို မပြတ်လေ့လာဝေဖန်သုံးသပ်နိုင်မှသာလျှင် ကမ္ဘာ့ အပြောင်းအလဲကြီးများကို ကိုယ်တိုင်ပါဝင်ပြီး ကြိုတင်ပြင်ဆင်လုပ်ဆောင်ရန် အခွင့်အလမ်းများ နှင့် အသိဉာဏ်များ တိုးပွားမည်ဖြစ်ကြောင်း။
သို့ဖြစ်ရာ မိမိတို့နိုင်ငံတွင် ယခုလို နိုင်ငံတကာနှင့် ဆက်နွှယ်သက်ရောက် လာနိုင်သည့် အကြောင်းအရာများကို စဉ်းစားတွေးခေါ်၍ အသိအမြင်၊ ဗဟုသုတများ ရှိနေရန်အတွက် ယခုကဲ့သို့ ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာလေ့လာရေးအဖွဲ့မှ ဦးအေးမောင်ကျော်က တရုတ် - အမေရိကန် ကုန်သွယ်ရေး စစ်ပွဲခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ ဖြစ်သည့် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ လတ်တလောအခြေအနေများ၊ မဟာ ဗျူဟာပြိုင်ဆိုင်မှုနှင့် လုံခြုံရေးခြိမ်းခြောက်မှု၊ ဂျပန်နိုင်ငံ၏ အတွေ့အကြုံများကို တရုတ် နိုင်ငံက သင်ခန်းစာယူပုံ၊ တရုတ်နိုင်ငံ ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်နိုင်ငံနှင့် နှိုင်းယှဉ်ခြင်း၊ တရုတ်နိုင်ငံ၏ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှု တိုးတက်ခြင်း အခြေအနေ၊ အမေရိကန်နိုင်ငံ၏ ဘဏ်လုပ်ငန်းအမြတ်နှုန်း၊ တရုတ်နိုင်ငံက ဆင်းရဲ မွဲတေမှု တိုက်ထုတ်နိုင်ခဲ့ပုံ၊ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့၏ အပြန်အလှန် ပို့ကုန် နှိုင်းယှဉ်ချက်၊ တစ်ကမ္ဘာလုံးနှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်ရေးအချိုးအစား၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ ခိုးယူမှုပြဿနာ၊ အမေရိကန်နိုင်ငံ၏ မူဝါဒရေးရာဆိုင်ရာများ၊ နိုင်ငံခြားရေးရာဆိုင်ရာမူဝါဒများ၊ ဟွာဝေးဖုန်းကုမ္ပဏီ၏ အမြတ်အစွန်းနှင့် လက်ရှိရင်ဆိုင်နေရသည့် အခြေအနေ စသည့် အကြောင်းအရာများကို ဆွေးနွေးသည်။
ယင်းနောက် ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦး က ယီမင် စစ်ပွဲနှင့် နောက်ဆက်တွဲပြဿနာခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ယီမင်နိုင်ငံ၏ နောက်ခံ ပထဝီဝင်အနေအထား၊ နိုင်ငံတကာကြားဝင်ပတ်သက်မှု၊ ယီမင်နိုင်ငံ လူမျိုးစုများ၏ အထွေထွေကြပ်တည်းမှုများ၊ မျိုးနွယ်စုများအပေါ် အခြေခံသည့် အကြောင်းတရားများ စသည့် ယီမင်နိုင်ငံ၏ ပြည်တွင်းပြဿနာနှင့် အကျိုးဆက်များအကြောင်းကို ဆွေးနွေးသည်။
ထို့နောက် ကမ္ဘာရေးရာဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည့် အကြောင်းအရာများကို ကဏ္ဍအလိုက် မေးမြန်းဆွေးနွေးရာ ဦးဆောင် ဆွေးနွေး သူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။
ယနေ့ကျင်းပသည့် ကမ္ဘာရေးရာဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာလေ့လာရေးအဖွဲ့က စီစဉ်ကျင်းပခြင်းဖြစ် ပြီး ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာလေ့လာရေး အဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ သတင်းမီဒီယာများနှင့် စိတ်ပါဝင်စား သူများ တက်ရောက်ကြသည်။
ယနေ့ ဆွေးနွေးပွဲကျင်းပသည့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း(ရုံးချုပ်)၏ ရွှေဥဒေါင်းခန်းမကို စာအုပ်မိတ်ဆက်ပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာပေဟောပြောပွဲ များ နှင့် စကားဝိုင်းများ စသည့် စာပေဆိုင်ရာလှုပ်ရှားမှုများ ကျင်းပနိုင်ရန်အတွက် အခမဲ့ ငှားရမ်းအသုံးပြုနိုင်ကြောင်း သိရသည်။ ထို့ပြင် သြဂုတ်လအတွင်း အဆိုပါ ခန်းမ၌ မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းဆိုင်ရာ စာတမ်းဖတ်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
(သတင်းစဉ်)


