ကလျာမိုးမြင့်
ဟောင်ကောင်မှာ လူ့အခွင့်အရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ရည်ရွယ်ရေးဆွဲထားတဲ့ ဥပဒေကြမ်းတစ်ရပ်ကို အမေရိကန် ဥပဒေပြုလွှတ်တော်အမတ်တွေက အတည်ပြုလိုက်ခြင်းအားဖြင့် ဟောင်ကောင် ဆန္ဒပြပြည်သူတွေကို အားပေး ထောက်ခံကြောင်း ပြသလိုက်တာကို တွေ့ရပါတယ်။
သုံးသပ်ချက်
လူ့အခွင့်အရေးရပိုင်ခွင့်ကို ခိုင်မာစေမယ့် အဲဒီဥပဒေကြမ်းဟာဆိုရင် အထက်လွှတ်တော်ရဲ့ အတည်ပြုချက်ရရှိဖို့ လိုအပ်နေဆဲ ဖြစ်ပြီး ဆီးနိတ်လွှတ်တော်အနေနဲ့ ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ ကျန်တဲ့အစိတ်အပိုင်းတွေကနေ လုံလောက်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိထားခြင်း ရှိ မရှိ ဆိုတာကို သိရှိနိုင်မယ့် နှစ်စဉ်သုံးသပ်ချက်တစ်ရပ်ကို ထုတ်ပြန်မယ်လို့ ဆိုပါတယ်။ ဒီလိုထုတ်ပြန်ခြင်းအားဖြင့် ဟောင်ကောင်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခြေအနေတစ်ခုကိုလည်း မျှတမှန်ကန်အောင် ချိန်ညှိနိုင်မှာဖြစ်တယ်လို့ ဖော်ပြနေပါတယ်။
အောက်လွှတ်တော်ဟာ ဟောင်ကောင်ဆီ မျက်ရည်ယိုဓာတ်ငွေ့တွေ တင်ပို့နေမှုကို ရပ်ဆိုင်းဖို့ကိုလည်းပဲ အတည်ပြုထားပြီဖြစ် ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ဟောင်ကောင်ဆန္ဒပြ ပြည်သူတွေဟာ အမေရိကန်ရဲ့ ဥပဒေကြမ်းကို ထောက်ခံဖို့ လမ်းတွေပေါ် စုဝေးချီတက်ခဲ့ကြပါတယ်။
အထူးအခွင့်အရေး
ပြီးခဲ့တဲ့ ဇွန်လအတွင်းက စတင်ရေးဆွဲခဲ့တဲ့ ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုခဲ့ပြီး ဟောင်ကောင်ဟာ အမေရိကန်ရဲ့ ဥပဒေအောက်မှာ အကောင်းဆုံးကုစားမှု လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပေမယ့် တရားဥပဒေနဲ့ စီးပွားရေးစနစ်ပိုင်းမှာ ကြီးကြီးမားမား ကွဲပြားခြားနားတယ်လို့ ဥပဒေမှာ ဖော်ပြပါတယ်။
ဟောင်ကောင်ရဲ့ အခြေခံဥပဒေအားဖြင့် အကာအကွယ်ပေးထားတဲ့ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ တရားဥပဒေစိုးမိုးရေးကို တရုတ်နိုင်ငံက ထိခိုက်အောင် လုပ်ဆောင်ခြင်း ရှိ မရှိ ဆိုတာကို နှစ်စဉ်သုံးသပ်ချက်အရ ချင့်တွက်ဆုံးဖြတ်မယ်လို့ ဖော်ပြထားပါတယ်။ ဟောင်ကောင်ရဲ့ အထူးကုန်သွယ်ရေးအခွင့် ထူးဆိုရာမှာ တရုတ်ပြည်မကြီးအပေါ် အမေရိကန်က ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေနဲ့ အခွန်စည်းကြပ်မှုတွေ ဟောင်ကောင်ရဲ့ ကုန်သွယ်မှုအပေါ် သက်ရောက်ခြင်း မရှိဘူး၊ ကင်းလွတ် တယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။
ဗီဇာထုတ်ပေးမယ်
ဖော်ပြပါဥပဒေအရဆိုရင် အမေရိကန် ပြည်ထောင်စုဟာ ဟောင်ကောင်ဒေသခံ ပြည်သူတွေကို အမေရိကန်သို့ ဝင်ရောက်ခွင့် ဗီဇာထုတ်ပေးမှာဖြစ်ပြီး အကယ်၍ ဟောင်ကောင်ဒေသခံ ပြည်သူတွေဟာ ငြိမ်းချမ်းတဲ့ ဆန္ဒဖော်ထုတ်မှုတွေမှာ လှုပ်ရှားပါဝင် ခဲ့မှုကြောင့် ဖမ်းဆီးခြင်းခံခဲ့ရမယ် ဆိုရင်တောင်မှ အဲဒီလူတွေအတွက် အမေရိကန်အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးဖို့ ခွင့်ပြုပေးမှာပဲ ဖြစ်ပါတယ်။
နိုင်ငံတကာက အသိအမှတ်ပြုလက်ခံထားတဲ့ လူ့အခွင့်အရေးရ ပိုင်ခွင့်တွေအတိုင်း ပြုမူနေတဲ့ ပြည်သူတွေကို ဖမ်းဆီး နှိပ်စက်ညှဉ်းပန်းတဲ့ ဘယ်သူ့ကိုမဆို အမေရိကန်ကနေ တားဆီးထုတ်ပယ်သင့်ပြီး ပိတ်ဆို့မှုတွေ ချမှတ်သင့်တယ်လို့ ဆိုထားပါတယ်။
အခွင့်အရေးဆုံးရှုံးနိုင်
ဟောင်ကောင်လူ့အခွင့်အရေးကို ထိန်းသိမ်းဖို့ ရေးဆွဲခဲ့တဲ့ဥပဒေကို ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ် အဖွဲ့ဝင်တွေက ထောက်ခံခဲ့ကြပြီး အောက်လွှတ်တော်မှာ အသံထွက်မဲစနစ်နဲ့ အတည်ပြုခဲ့ကြတာကို ကြည့်ခြင်းအားဖြင့် မှတ်တမ်းပြု မဲခွဲစရာမလိုတဲ့ အခြေအနေလို့ အဓိပ္ပာယ်ကောက်ရမှာပါ။
တကယ်လို့များ အမေရိကန်ဟာ ကုန်သွယ်ရေး အကျိုးအမြတ်ကို ကြည့်ပြီး တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ရပိုင်ခွင့်ကိစ္စနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေခဲ့မယ်ဆိုရင် နောက်ပိုင်းမှာ ကျွန်ုပ်တို့ဟာ လူ့အခွင့်အရေးအတွက် ထုတ်ဖော်ပြောဆိုနိုင်တဲ့ အခွင့်အရေးမှန်သမျှကို ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အပြီးလက်လွှတ် ဆုံးရှုံးရလိမ့်မယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီက ပြောကြားလိုက်ပါတယ်။ ဒီမိုကရက် တစ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဘင်ရေလူဂန်က အောက်လွှတ်တော်ဟာ ဟောင်ကောင်ဒေသခံ ပြည်သူတွေကို ဒီမိုကရေစီနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရာမှာ ၎င်းတို့နဲ့အတူ ရပ်တည် နေတယ်ဆိုတဲ့ ခိုင်မာတိကျတဲ့ သဘောထားကို ပြသလိုက်ပြီပဲဖြစ်တယ်လို့ ဆိုပါတယ်။
အောက်လွှတ်တော်ရဲ့လှုပ်ရှားမှု
ဟောင်ကောင်ကို ကာကွယ်တဲ့ ဥပဒေလို့ ခေါ်ဆိုနေကြတဲ့ အဲဒီဥပဒေကို ရေးဆွဲရာမှာ လူစုလူဝေးကို ထိန်းချုပ်တဲ့ အသက် အန္တရာယ်ကို မထိခိုက်နိုင်သော လက်နက်တွေ ဥပမာ မျက်ရည်ယိုဓာတ်ငွေ့နဲ့ ရော်ဘာကျည်ဆန်တွေကို အမေရိကန်က တင်ပို့နေတာတွေကို ရပ်တန့်စေဖို့အတွက်လည်း ရည်ရွယ်ရေးဆွဲခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုလက်နက်တွေကို ဟောင်ကောင် ရဲတပ်ဖွဲ့က မလိုလားအပ်ဘဲ စည်းမဲ့ကမ်းမဲ့သုံး နေတယ်လို့ ဥပဒေထဲမှာ ဖော်ပြထား ပါတယ်။ ဒီဥပဒေကို ဆီးနိတ်လွှတ်တော်ရဲ့ အတည်ပြုချက်ရရှိရေး ကြိုးပမ်းရဦးမှာပါ။
နောက်ပြီးတော့ ဥပဒေပြုအမတ်တွေဟာ ဟောင်ကောင်နဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးကို ချည်နှောင်ချုပ်ထိန်းမှုမရှိတဲ့ ဆက်ဆံရေးအဖြစ် သတ်မှတ်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်အဖြစ်လည်း အတည်ပြုခဲ့ပါတယ်။
ကန့်ကွက်
ဖော်ပြပါဥပဒေကို အောက်လွှတ်တော်က အတည်ပြုလိုက်ပြီးတဲ့နောက် ပေကျင်းက ဝါရှင်တန်ကို ဟောင်ကောင်ကိစ္စမှာ မဆီမဆိုင် ကြားဝင်စွက်ဖက်နေတာကို ရပ်တန့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုခွင့်ရ ပုဂ္ဂိုလ် ဂမ်ရှောင်က ဟောင်ကောင် လူ့အခွင့်အရေးဆိုင်ရာနဲ့ ဒီမိုကရေစီဥပဒေကို အမေရိကန် အောက်လွှတ်တော်က အတည်ပြုတဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့က လုံးဝမကျေနပ်ကြောင်းနဲ့ အပြင်းအထန် ကန့်ကွက်ကြောင်း ဖော်ပြတယ်လို့ ပြောကြားလိုက်ပြီး အဲဒီဥပဒေသာ အတည်ဖြစ်လာခဲ့ရင် တရုတ်နိုင်ငံနဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးဟာ ထိခိုက်ပျက်စီးဖို့ရာပဲ ရှိလိမ့်မယ်လို့ ၎င်းက သတိပေးလိုက်ပါတယ်။
ဟောင်ကောင်လက်ရှိအခြေအနေ
ဟောင်ကောင်မှာ ပြစ်မှုကျူးလွန်သူ တရားခံတွေကို တရုတ်ပြည်မကြီးဆီ လွှဲပြောင်းပေးမယ့် ဥပဒေကို မကျေနပ်တဲ့အတွက် ကန့်ကွက်ရာကနေ ဇွန်လအတွင်းမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။ ဒါပေမယ့် ဆန္ဒပြပွဲတွေဟာ မူလက သေးငယ်ပေမယ့် နောက်တော့ ဒီမို ကရေစီလိုလားတဲ့ လှုပ်ရှားမှုအဖြစ်နဲ့ ပိုမိုကြီးမားတဲ့ အသွင်ပြောင်းလဲ ရောက်ရှိခဲ့ပါတယ်။
ငြိမ်းချမ်းစွာ ချီတက်စုဝေးမှုတွေဟာ အကြမ်းပတမ်းဖြစ်လာပြီး ရဲတပ်ဖွဲ့ဝင်တွေလည်း တိုက်ခိုက်ခံရတာတွေ ရှိလာသလို အရာရှိတွေကလည်း ဆန္ဒပြသူတွေကို ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်တဲ့အဆင့်အထိ ဖြစ်လာပါတယ်။ ဆန္ဒပြသူတွေက ဓာတ်ဆီဗုံးတွေနဲ့ ပစ်ခတ်ခဲ့ကြပြီး ပေကျင်းကိုထောက်ခံတယ်လို့ ယူဆရတဲ့ စီးပွားရေးလုပ်ငန်း အဆောက်အအုံတွေကို တိုက်ခိုက်မှု လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဆန္ဒပြသူတွေက တော့ ဟောင်ကောင်ရဲတွေကို ရက်စက်ကြမ်း ကြုတ်စွာ နှိပ်ကွပ်တဲ့သူတွေအဖြစ် ရှုမြင်လျက်ရှိပါတယ်။ ။
ကိုးကား- စီအန်အန်