မန္တလေး ၂၄ စက်တင်ဘာ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်းသို့ တိုးတက်များပြားစွာ ဝင်ရောက်လာကြသည့် အရှေ့တိုင်း ခရီးသွားများအတွက် လုံလောက်သော ဝန်ဆောင်မှုကောင်းများ ပေးနိုင်စေရန်နှင့် ခရီးသွားကဏ္ဍမှ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်စေရန် ရည်ရွယ်၍ တရုတ်၊ ဂျပန်နှင့် ကိုရီးယား ဒေသဆိုင်ရာ (အခြေခံ) ဧည့်လမ်းညွှန် သင်တန်းများကို လာမည့် အောက်တိုဘာလအတွင်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ယမန်နှစ်ထက် အရှေ့တိုင်းခရီးသွားများ ဝင်ရောက်မှု ပိုမိုတိုးတက်လျက်ရှိရာ ၎င်းခရီးသွားများအနက် တရုတ်၊ ဂျပန်နှင့် ကိုရီးယား ခရီးသွာများ ပိုမိုဝင်ရောက်ရန် အလားအလာကောင်းများ ရှိနေသဖြင့် အဆိုပါ ခရီးသွားများအတွက် ပြည့်စုံကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အဆိုပါ သင်တန်းများကို အောက်တိုဘာလမှစ၍ သင်တန်းကာလ တစ်လသတ်မှတ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။
''ခရီးသွားတွေ ပိုမိုဝင်ရောက်လာတာနဲ့အမျှ ခရီးသွားကဏ္ဍမှာ ပါဝင်ပတ်သက်သူ အားလုံးကလည်း ခရီးသွားတွေအတွက် လိုအပ်တဲ့ ခရီးစဉ်အသစ်တွေ၊ ခရီးသွားအမျိုးအစားတွေ စုံလင်အောင် ဖော်ထုတ်ပေးနေသလို အခြေခံ အဆောက်အအုံတွေကိုလည်း ကြိုတင်ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် ခရီးသွားကဏ္ဍ ပိုမိုတိုးတက်ဖို့အတွက် အဓိကလိုအပ်တဲ့ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့လည်း တစိုက်မတ်မတ် ကြိုးစားဆောင်ရွက် လျက်ရှိပါတယ်။ ဒါကြောင့် ခရီးသွားတွေနဲ့ ပထမဆုံးထိတွေ့ပြီး ဝန်ဆောင်မှုပေးရတဲ့ ကမ္ဘာ့လှည့် ခရီးသွား ရဲတပ်ဖွဲ့ကို အခုလ စက်တင်ဘာလ တတိယပတ်ကစပြီး တရုတ်စကား ပြောသင်တန်းကို တစ်လကြာ ဖွင့်လှစ်သင်ကြား ပေးနေတဲ့အပြင် တိုးတက်ဝင်ရောက်လာမယ့် ခရီးသွားဦးရေအတွက် လုံလောက်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်စေဖို့နဲ့ ခရီးသွားကဏ္ဍကနေ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိနိုင်စေဖို့ ရည်ရွယ်ပြီး ဒီသင်တန်းတွေ ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ်။ သင်တန်းဝင်ခွင့် လျှောက်လွှာတွေကိုလည်း စတင်လက်ခံနေပါပြီ ''ဟု ၎င်းက ပြောသည်။
အဆိုပါ သင်တန်းများသို့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ အသက် ၁၈ နှစ်ပြည့်ပြီးသည့် မန္တလေးတိုင်း ဒေသကြီးအတွင်း နေထိုင်သူများ လျှောက်ထားနိုင်ပြီး သင်တန်းဝင်ခွင့် လျှောက်လွှာပုံစံများကို ချမ်းအေးသာစံမြို့နယ် ၂၉ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနရုံးတွင် လာရောက်ထုတ်ယူ လျှောက်ထားနိုင်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


