မန္တလေး ၄ ဒီဇင်ဘာ

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေပြီး ဒေသတွင်း ဆင်းရဲနွမ်းပါးမှုလျော့ချစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ)ကြီးကြပ်မှုဖြင့် ပုဂ္ဂလိကအသင်းအဖွဲ့များ ပူးပေါင်းပါဝင်မှု၊ ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ ပံ့ပိုးကူညီမှုဖြင့်ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများနှင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် (အခြေခံ) သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိသည်။

 

တရုတ်၊ ကိုရီးယား၊ ဂျပန်ဒေသဆိုင်ရာ ဧည့်လမ်းညွှန်(အခြေခံ)သင်တန်း အမှတ်စဉ်(၄၂) ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီက ချမ်းအေးသာစံမြို့နယ် လမ်း၃၀၊ ၈၂လမ်းနှင့် ၈၃ လမ်းကြားရှိ FITC သင်တန်းကျောင်းခန်းမတွင် ကျင်းပရာ အဆိုပါသင်တန်းသို့ သင်တန်းသားသင်တန်း သူ ၈၅ ဦးတက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ) ညွှန်ကြားရေးမှူး ဦးခင်မောင်ရွှေနှင့် ဧည့်လမ်းညွှန်အသင်း(မန္တလေးဇုန်)ဥက္ကဋ္ဌ ဦးဝင်းဇော်ဦးတို့က အဖွင့်အမှာစကား ပြောကြားသည်။ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၁)မှ (၁၄)အထိ သင်တန်းသား သင်တန်းသူ ၂၄၁၇ ဦးနှင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်(အခြေခံ) သင်တန်းသား သင်တန်းသူ ၂၂၀ အောင်မြင်စွာ မွေးထုတ်ပေးခဲ့ကြောင်း သိရသည်။                                                        

 

မောင်ပြည်သူ(မန္တလေး)